Loading...
Gadget by w2pro

ဘဝရဲ့ တစ်စိတ်တစ်ဒေသ အတွေ့အကြုံ (၁)


ဒီကနေ့မနက် ရတဲ့အချိန်လေးမှာ ကျမဘလော့တွေကို စိတ်ဝင်တစား လိုက်ဖတ်မိတာရဲ့ ရလဒ်ကတော့   ကျမအတွက် ပို့စ်တစ်ခုထပ်တင်ဖို့ရာ အကြောင်းအရာလေးတစ်ခု ရရှိခဲ့ပါတယ်။ ပို့စ်တင်တဲ့အခါမှာ ကိုယ်တွေ့ အကြောင်းအရာလေးတွေ တင်တာကို ပိုပြီးနှစ်သက်ပါတယ်။ စာဖတ်သူတွေချောချောမွေ့မွေ့ ဖတ်နိုင်အောင် ကြိုးစားပြီးရေးသားပေမဲ့လည်း တစ်ခါတစ်ရံ ကိုယ့်စာကိုယ်ပြန်ဖတ်ပြီး စိတ်တိုင်းမကျတာတွေလည်း  ရှိပါတယ်။ ဒီပို့စ်ကို တင်နိုင်ဖို့ အနည်းဆုံးတော့ ၃-ရက်မက အချိန်ယူရအုံးမှာပါ။ ဖတ်ရတာ အဆင်မပြေရင် သည်းခံပြီး ဖတ်ပေးကြဖို့ကိုလည်း ကြိုတင်ပြောပါရစေနော်။


လွန်ခဲ့တဲ့ ၁၉၉၇ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့မှာ လုပ်ငန်းရှင်သူဌေးက သိုးမွေးထိုးစက်ရုံတစ်ရုံ တည်ထောင်ဖို့ အတွက်မြေနဲ့အဆောက်အဦးကိုနှစ်ချုပ် ငှားပြီးပြုပြင်မှု လုပ်ငန်းတွေကို ပဏာမ လုပ်ခဲ့ပြီးတဲ့နောက်မှာ  ကျမအပါအဝင် စုစုပေါင်း မန်နေဂျာ (၄) ဦးကို အင်တာဗျူးလုပ် စီစစ်ပြီး ရွေးချယ် အလုပ်ခန့်ခဲ့ပါတယ်။ လုပ်ငန်းရှင်သူဌေးဟာ မက္ကာအိုနိုင်ငံသားဖြစ်ပေမဲ့လည်း  .မြန်မာနိုင်ငံမှာမွေးဖွားခဲ့သူ တစ်ဦးဖြစ်ပါတယ်။ သူအခုလိုမြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လာပြီးလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို ကျမတို့မန်နေဂျာ အဖွဲ့ကိုပြောပြခဲ့ပါတယ်။ သူဟာမြန်မာနိုင်ငံမှာ .မွေးဖွားခဲ့ပြီး အသက်(၇)နှစ် အရွယ်မှာ မိဘများနဲ့အတူ မက်ကာအိုနိုင်ငံကို လိုက်ပါသွားခဲ့ရပြီး .နှစ်ပေါင်း(၃၀)ကျော်လာတဲ့အခါ အခုလိုမြန်မာနိုင်ငံက  တရားဝင် ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်တဲ့ အခွင့်အရေးမျိုးကြုံချိန်မှာ တတ်စွမ်း သလောက်မြန်မာနိုင်ငံသားတွေကို အလုပ်ပေးနိုင်မှာဖြစ်ပြီး အလုပ်ရရှိတဲ့ သူတွေအတွက်လည်း  ကိုယ့်မိသားစုကို တဖက်တစ်လမ်းကနေ အကူအညီပေးနိုင်မှာ .ဖြစ်တဲ့အတွက် စိတ်ကြည်နူးမိတဲ့အကြောင်း .နောက်တစ်ချက်က .မြန်မာလူမျိုးတွေရဲ့ ရိုးသားကြိုးစားတဲ့ စိတ်ဓာတ်ကို သိထားတဲ့အတွက် .နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်လို့ ယုံကြည်တဲ့ အကြောင်းကိုပြောပြပါတယ်။   ဒီအတွက် ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ ကျမအနေနဲ့ လုပ်ငန်းရှင်သူဌေးရဲ့ အာဘော်ကို သဘောကျပေမဲ့ တစ်ယောက်အကြောင်း တစ်ယောက်မသိသေးတာမို့ အလိုက်သင့် လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

လုပ်ငန်းရှင်သူဌေးက မန်နေဂျာများအားလုံး အခက်အခဲများကြုံတွေ့လာရင် .ဖြေရှင်းပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး အထွေထွေမန်နေဂျာရာထူးရှိသူ .နိုင်ငံခြားသားတစ်ဦးကို မက္ကာအိုစက်ရုံကနေခေါ်ယူပြီး ကျမတို့တည်ထောင်မဲ့စက်ရုံမှာ တာဝန်ပေးထားပါတယ်။ ကျမတို့ မန်နေဂျာအဆင့် တာဝန်ပေးခြင်းခံရသူ အားလုံး လုပ်သက်အတွေ့အကြုံ ရှိဖူးသူကို ဦးစားပေးရွေးချယ်သလို တိုင်းတပါးနဲ့ လုပ်ငန်းများ အလွယ်တကူချောမွေ့စွာ ဆက်သွယ်လုပ်ကိုင်နိုင်စေရန် အတွက်လည်း တရုတ်စကား ဒါမှမဟုတ် အင်္ဂလိပ်စကား တစ်ခုခုကို တတ်ထားမှသာ .ရွေးချယ်ခြင်းခံရပါတယ်။ အထွေထွေမန်နေဂျာက စက်ရုံရဲ့ ဖွဲ့စည်းပုံကို မက္ကာအိုရှိ စက်ရုံရဲ့ ဖွဲ့စည်းပုံအတိုင်းတရုတ်ဘာသာနဲ့ .ရေးဆွဲထားပြီး စီမံခန့်ခွဲရေးတာဝန် ယူထားရတဲ့ ကျမကို အင်္ဂလိပ်နဲ့မြန်မာလို ဘာသာပြန်ခိုင်းပြီး စည်းစံနစ်ကျတဲ့ စက်ရုံဖွဲ့စည်းပုံကို ဆွဲစေပါတယ်။ အထွေထွေမန်နေဂျာရဲ့ ညွှန်ကြားချက်အရ ဌာနကြီး ၄ခုဖြစ်တဲ့ စီမံခန့်ခွဲရေးဌာန (Administration Dept.)၊ ငွေစာရင်းဌာန (Account Dept)၊ ရောင်းကုန်ဌာန (Merchandise Dept.)၊ နဲ့ သင်္ဘောဖြင့်ကုန်စည်ပို့ဆောင်ရေးဌာန (Shipping Dept.)၊ ဆိုပြီးသတ်မှတ်ပါတယ်။ ကျမ ကုမ္ပဏီမတိုင်မီ တာဝန်ထမ်းဆောင်ခဲ့တဲ့ စက်ရုံမှာတော့  စီမံခန့်ခွဲရေးဌာန၊ ဘဏ္ဍာရေးဌာန၊ ထုတ်လုပ်မှုဌာန နဲ့ စီမံရေးဌာဆိုပြီး သိထားခဲ့ဖူးပါတယ်။ အခေါ်အဝေါ်တွေ အနည်းငယ်ကွာနေပါလားလို့ စိတ်ထဲမှာတွေးမိတာတွေဟာ နောင်လုပ်ငန်းခွင်မှာ လက်တွေ့ဆောင်ရွက်လာမှ အဓိပ္ပယ်နက်နဲမှုကို သိခဲ့ ရပါတယ်။

အထွေထွေမန်နေဂျာဖြစ်သူနိုင်ငံခြားသားနဲ့ ပထမဆုံးအကြိမ် လက်တွဲ၍ စက်ရုံလုပ်ငန်းတွေကို .ဆောင်ရွက်ရမယ်လို့ သိရချိန်မှာတော့ လုပ်ငန်းတွေကိုချောချောမွေ့မွေ့မှ လုပ်နိုင်ပါ့မလားလို့ စိုးရိမ်ပူပန်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ကျမရဲ့ ပင်ကိုယ်စရိုက် အတိုင်း အလုပ်တစ်ခုကို လုပ်ရင် ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ  အကောင်းဆုံးတော့ လုပ်ကြည့်မယ်ဆိုတဲ့ ခံယူချက်ကို လက်ကိုင်ထားပြီး ရဲရဲတင်းတင်း လုပ်ဆောင်ခဲ့ပါတယ်။ အထွေထွေမန်နေဂျာက မြန်မာစကားမတတ်သလို ကျမကလည်း တရုတ်စကားမတတ်တဲ့အတွက် .နှစ်ယောက်စလုံး စကားပြော အဆင်ပြေစေဘို့ အင်္ဂလိပ်စကားကိုသာ အသုံးပြုကြရပါတယ်။ လုပ်ငန်းရှင်သူဌေးက ကျမတို့မန်နေဂျာအဖွဲ့နဲ့ အထွေထွေမန်နေဂျာ ကိုတွေ့ဆုံပေးပြီးနောက် မက္ကာအိုစက်ရုံသို့ .ပြန်သွားပါတယ်။ ကျမတို့တစ်ဖွဲ့လုံးကိုလည်း အားကိုး ယုံကြည်မှုအပြည့်အဝရှိတဲ့အကြောင်း အားပေးစကားပြောကြား သွားပါတယ်။

အထွေထွေမန်နေဂျာနဲ့ကျမတို့  ရုံးဌာနများအတွက် တစ်ဌာနကို ရုံးဝန်ထမ်း (၄)ယောက်နှုန်းနဲ့ စုစုပေါင်း ရုံးဝန်ထမ်း (၁၆)ယောက်ကို ပဏာမရွေးချယ်ချယ်ပြီး တာဝန်များ ခန့်အပ်ပါတယ်။ .ရွေးချယ်ခံရသူ (၁၆)ယောက်ထဲမှာ ဌာနကြီး တစ်ဌာနဆီအတွက် လက်နှိပ်စက်ရိုက်တတ်သူ တစ်ဦးစီအပါအဝင် တစ်ပြိုင်တည်း .ရွေးချယ်သွားပါတယ်။ အရည်အချင်းကို အနည်းဆုံး တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့ရပြီးသူဖြစ်ရပါတယ်။ .ရွေးချယ်ခံရတဲ့ ရုံးဝန်ထမ်းများရဲ့ လုပ်ငန်းတာဝန်နဲ့ ရာထူးများကိုလည်း တစ်ခါတည်း သတ်မှတ်ပြီး အရွေးခံရသူတွေက လိုက်နာနိုင်မှု ရှိမရှိကို အစမ်းခန့် (၃)လပြည့်ရင် အတည်ပြုမယ်လို့ ကြိုတင်ကြေငြာပြီး အလုပ်လျှောက်လွှာတွေမှာ ခံဝန်ချက်များ ထိုးခိုင်းပြီး အလုပ်ဝင်ရက်ကို စတင်သတ်မှတ်ပါတယ်။

စက်ရုံအသစ်စဖွင့်တယ်ဆိုပေမဲ့လည်း ကျမအတွက် ခက်ခက်ခဲခဲတော့ မရှိသလောက်ပါပဲ အကြောင်းရင်းကတော့ ကျမကို အထွေထွေမန်နေဂျာက အသေးအဖွဲကအစ မသိမတတ်တာမှန်သမျှကို စိတ်ရှည်စွာသင်ကြားပေးပါတယ်။ .နောက်တစ်ခုက .မြန်မာလူမျိုးတွေရဲ့ ဓလေ့ထုံးစံတွေကအစ ကြိုတင်ပြီးလေ့လားထားပုံပါပဲ။ ရုံးပိုင်းဆိုင်ရာ .ရွေးချယ်ပြီးတဲ့အချိန်မှာတော့ အလုပ်သမားတွေကို အုပ်ချုပ်ဖို့ရာ ကြီးကြပ်ရေးမှူးရာထူး အဆင့်ရှိသူများကို ဆက်လက်ပြီး .ရွေးချယ်ပါတယ်။ ကျမတို့ရဲ့ အဓိကထုတ်ကုန်ဟာ စွယ်တာလုပ်ငန်း(Knitting Wear)ဖြစ်ပြီး ၁၀၀% နိုင်ငံခြားပို့ကုန် .ဖြစ်ပါတယ်။ ထုတ်လုပ်မှုလုပ်ငန်းကို ကုန်ကြမ်းကစပြီး ကုန်ချောထွက်တဲ့အထိ အဆင့်ဆင့်ဆောင်ရွက် ထုတ်လုပ်ရမဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ကုန်ကြမ်းအချိန်မှီ လက်ထဲသို့ ရောက်မလာမှာကို စိုးရိမ်ရသလို လက်ထဲမှာရှိတဲ့  ကုန်ချောလည်း သတ်မှတ်ထားတဲ့ နေရာကို သတ်မှတ်ချိန်အတွင်း မရောက်မှာကို စိုးရိမ်ရပြန်တယ်။

လုပ်ငန်းအဆင့်စုစုပေါင်း ၁၃ဆင့်ရှိပြီး အလုပ်သမားအင်အား အနည်းဆုံး (၈၀၀) နဲ့ (၉၀၀) အတွင်းလိုအပ်ပါတယ်။ အလုပ်သမား ရာပေါင်းများစွာကို အုပ်ချုပ်နိုင်ဖို့ရာ ကြီးကြပ်ရေးမှူး ရာထူးကိုလည်း အနည်းဆုံး (၂၅)ယောက် ခန့်အပ်ဖို့ လိုအပ်ပါတယ်။ ကြီးကြပ်ရေးမှူးတစ်ဦးဟာ အလုပ်သမား (၃၀)နဲ့အထက်ကို အုပ်ချုပ်ရမှာဖြစ်ပါတယ်။ ကြီးကြပ်ရေးမှူးတွေမခန့်ခင် တစ်ပတ်အလိုမှာ မက္ကာအိုကနေ .နိုင်ငံခြားသား နည်းပညာရှင် (၇)ဦးရောက်လာပါတယ်။ .ရောက်လာတဲ့ နည်းပညာရှင်တွေဟာ ကျမတို့ခန့်အပ်မဲ့ ကြီးကြပ်ရေးမှူးတွေကို  နည်းပညာပိုင်းဆိုင်ရာ သင်ပေးဖို့ရာ ခေါ်လိုက်တာဖြစ်ကြောင်း အထွေထွေမန်နေဂျာကနေ ရှင်းပြပါတယ်။ နည်းပညာရှင်တွေနဲ့ ကြီးကြပ်ရေးမှူးတွေရဲ့ကြားမှာ ဘာသာစကားပြန်ပေးဖို့ရာ တရုတ်စကားပြန်ကြီးကြပ်ရေးမှူး (၄)ဦးကို ထပ်ခန့်ပါတယ်။ စကားပြန်ဆိုပေမဲ့ စကားပြန်သီးသန့်ခန့်တာမျိုးမဟုတ်ပဲ လုပ်ငန်းပိုင်းဆိုင်ရာကိုပါ လက်တွေ့လုပ်ကိုင်မှုမှာ ပါဝင်ဆောင်ရွက်ရတာမျိုးဖြစ်တဲ့အတွက် စကားပြန်ကြီးကြပ်ရေးမှူး တာဝန်ကိုသတ်မှတ်ခြင်းဖြစ်ပါတယ်။ သူတို့(၄)ယောက်ဟာ ကြီးကြပ်ရေးမှူးတွေထက် အလုပ်တစ်ခုပိုပြီးလုပ်ရတဲ့အတွက် ခံစားခွင့်အနေနဲ့ လစာပိုပြီးပေးရပါတယ်။

ကြီးကြပ်ရေးမှူးတစ်ယောက်ရဲ့ အရည်အချင်းဟာ အနည်းဆုံးအထက်တန်းပညာကို ပြီးဆုံးရမှာဖြစ်ပြီး တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရထားသူကို ဦးစားပေးခန့်အပ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကြီးကြပ်ရေးမှူးတစ်ယောက် အနေနဲ့ ကိုယ့်လက်အောက်မှာရှိတဲ့ အလုပ်သမားတွေကို အုပ်ချုပ်ရမှာဖြစ်တဲ့အတွက် ကိုယ်တိုင် တာဝန်ကျရာ လုပ်ငန်းများကို လုပ်ကိုင်တတ်ရန် တွက်ချက်တတ်ရန် ညွှန်ကြားတတ်ရန်နဲ့ .အောက်ခြေရဲ့ ရိုသေလေးစားချစ်ခင်မှုကို ခံရတဲ့ခေါင်းဆောင်အရည်အချင်း ရှိဖို့ လိုအပ်ပါတယ်။ ကြီးကြပ်ရေးမှူးများကို ခန့်အပ်ပြီးတဲ့အချိန်ကစပြီး .နေ့စဉ်လုပ်ငန်းပြီးချိန်မှာ ကျမတို့မန်နေဂျာတွေ အပါအဝင် ကြီးကြပ်ရေးမှူးများအားလုံး နိုင်ငံခြားသား နည်းပညာရှင်တွေပါမကျန် စက်ရုံကြီး တစ်ခုလုံးရဲ့ သန့်ရှင်းရေးကို တက်ညီလက်ညီ .ပျော်ပျော်ပါးပါး အပိုင်းလိုက် တာဝန်ခွဲပြီး လုပ်ဆောင်ကြပါတယ်။ ရက်ပေါင်း ၃၀တိုင်တိုင် မနက်ပိုင်းမှာ အထွေထွေမန်နေဂျာက ဦးဆောင်ပြီး မန်နေဂျာများနဲ့ စက်ရုံရဲ့ အနာဂါတ်လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေ ရေးဆွဲပြီး ညှိနှိုင်းဆွေးနွေးကြပါတယ်။ တစ်ချိန်တည်းမှာပဲ နည်းပညာရှင်တွေကလဲ ဌာနအလိုက် ကြီးကြပ်ရေးမှူးများကို မိမိတို့နဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေအကြောင်းကို စာတွေ့ လက်တွေ့ သင်ကြားပေးပါတယ်

ကျမလည်း ရက်ပေါင်းများစွာ လုပ်ငန်းခွင်မှာ တွဲပြီးအလုပ် လုပ်လာတဲ့အခါမှာ အထွေထွေမန်နေဂျာရဲ့ မန်နေဂျာများနဲ့ ကြီးကြပ်ရေးမှူးများအပေါ်ထားတဲ့ စိတ်ရင်းစေတနာကို နားလည်လာသလို နည်းပညာပိုင်းဆိုင်ရာ သင်ကြားပေးတဲ့ နိုင်ငံခြားသားတွေရဲ့ လုပ်ငန်းအပေါ်မှာထားတဲ့ စိတ်သဘောထား ကျမတို့အားလုံးအပေါ်ထားတဲ့ ခင်မင်တတ်မှုတို့ကို နားလည်လာပါတယ်။ အားလုံးကောင်းတယ်လို့တော့ မဆိုလိုပါဘူး။ ဒီအထဲမှာ တစ်ယောက်ကတော့ စရိုက်ကြမ်းပြီး တစ်ခါတစ်လေ မြန်မာလူမျိုးတွေ မနှစ်မြို့တဲ့ ဟန်အမူအယာမျိုးကို လုပ်တတ်ပါတယ်။ ဥပမာ အလုပ်ခိုင်းတဲ့အခါမှာ .ခြေထောက်နဲ့ ခိုင်းခြင်းမျိုး သင်ပေးတာကို နားမလည်တဲ့အခါမှာ စိတ်မရှည်ပဲ ဆဲခြင်းမျိုး စက်ရုံပစ္စည်းများကို လွှတ်ပစ်ခြင်းမျိုးဖြစ်ပါတယ်။ ကျမအနေနဲ့ စီမံခန့်ခွဲရေးမန်နေဂျာတာဝန်ကို ယူထားရတဲ့အတွက် ကျမနဲ့တိုက်ရိုက် သက်ဆိုင်နေတာမို့ အထွေထွေမန်နေဂျာကို နိုင်ငံခြားသားတွေအတွက် လိုက်နာရမည့် စည်းကမ်းတွေကို ထုတ်ခွင့်တောင်းခဲ့ပါတယ်။ အဲဒီလိုစည်းကမ်းများ ထုတ်ရခြင်းရဲ့ အခြေခံအကြောင်းရင်းကိုလည်း ရှင်းပြခဲ့တဲ့အတွက် အထွေထွေမန်နေဂျာရဲ့ ခွင့်ပြုချက်ကို ရရှိခဲ့ပါတယ်။ ကျမရဲ့ တာဝန်အရ ကိုယ်တိုင် နည်းပညာရှင်တွေကို ခေါ်ယူပြီး သတိပေး စည်းကမ်းတွေကို ဖတ်ပြပါတယ်။ အဓိကအချက်အနေနဲ့ ကျမတို့နိုင်ငံသားတွေရဲ့ ဓလေ့ထုံးစံနဲ့ ရိုသေလေးစားတတ်မှု၊ နည်းပညာရှင်တွေအနေနဲ့ မိမိအကြိမ်ကြိမ်သင်ပေးတာကို နားမလည်ခဲ့ရင် သက်ဆိုင်တဲ့ စီမံခန့်ခွဲရေးဌာနကို အကြောင်းကြားရမှာဖြစ်ပါတယ်။ စီမံခန့်ခွဲရေးဌာနကလည်း တတ်မြောက်မှု အားနည်းတဲ့ ကြီးကြပ်ရေးမှူးများကို အစမ်းခန့် (၃)လပြည့်တဲ့နေ့မှာ လက်ရှိတာဝန်ထက် တစ်ဆင့်နိမ့်တဲ့ လိုင်းခေါင်းဆောင်ရာထူးကို လျှော့ချပြီး တာဝန်ပေးပါတယ် အကယ်၍ ရာထူးလျှော့ချတာကို လက်မခံပဲ အလုပ်ကနှုတ်ထွက်လိုရင်တော့ လစာပေးပြီး အလုပ်မှ ရပ်စဲပါတယ်။ ကျမရဲ့ အသေးစိတ်ရှင်းပြချက်ကို နည်းပညာရှင်များက နားလည်ကျေနပ် သဘောပေါက်တဲ့အခါမှာ သူတို့ရဲ့ ခံဝန်ချက်လက်မှတ်ကို ထိုးခိုင်းခဲ့ပါတယ်။ တစ်ချိန်ချိန်မှာ စည်းကမ်းဖောက်ခဲ့ရင် ကျမတို့ဖက်ကနေ စည်းကမ်းဖောက်ဖျက်သူ နည်းပညာရှင်တို့ကို သူတို့ရဲ့မူလနေရာဌာနကို ပြန်ပို့ပြီး လူလဲခွင့်ရှိပါတယ်။

အောက်တိုဘာလ (၁)ရက်နေ့ကစပြီး အလုပ်သမားများကို စီစစ်ခန့်အပ်မှာဖြစ်တဲ့အတွက် မတိုင်မီ .နှစ်ပါတ်အလိုမှာ .ကြော်ငြာစာများ .နေရာအနှံ့အပြားမှာ ကပ်ပြီးကြော်ငြာခဲ့ပါတယ်။ အလုပ်သမား ခန့်ရန်အတွက်လည်း တစ်ပတ်ကို တစ်ရက်သာ သတ်မှတ်ပြီး တစ်ကြိမ်ခန့်လျှင် အင်အား (၅၀) သာခန့်ပါတယ်။ .အောက်တိုဘာလအတွက် အလုပ်သမား အင်အား (၂၀၀) ကိုစီစစ်ရရှိခဲ့ပါတယ်။ အလုပ်သမားများရွေးချယ်တဲ့အခါမှာ အတွေ့အကြုံ လုံးဝမရှိသေးသူ ပညာအရည်အချင်းအနေနဲ့တော့ အတန်းပညာအသင့်အတင့် ပေါင်း နှုတ်တတ်သူ အသက်ကို ၁၈နှစ်မှ ၂၂နှစ်အထိသတ်မှတ်ထားပါတယ်။ စာတွေ့ လူတွေ့ ဆိုပြီးနှစ်ပိုင်းခွဲပြီး စီစစ်ရွေးချယ်ပါတယ်။ အများအားဖြင့် .ကျောင်းပညာ တစ်ပိုင်းတစ်စနဲ့ ကျောင်း ဆက်မတက်သူများ စားဝတ်နေရေး ကြပ်တည်းသူများ အသက်အရွယ် ငယ်ပေမဲ့ မိမိအိမ်ကို အလုပ်အကျွေးပြုနေရသူများဟာ အများစုဖြစ်ပါတယ်။ အလုပ်ကို အမှန်တကယ်လုပ်ချင်သူများ  လာရောက်လျှောက်သလို တချို့မှာ အပျော်သဘော လာရောက်လျှောက်ကြတာကို .တွေ့ရပါတယ်။ .နှစ်ဦးနှစ်ဖက် အကျိုးရှိမဲ့ အမှန်တကယ် အလုပ်လုပ်သူများကိုသာ ကျမတို့ စီစစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

အထွေထွေမန်နေဂျာရဲ့ သင်ကြားပေးမှုကြောင့် လူရွေးချယ်ရာမှာ အရေးကြီးတဲ့အချက်တွေကို  ကျမသိခွင့်ရခဲ့ပါတယ်။ ကျမ မသိသေးသော မတတ်သေးသော ပညာများစွာကို အထွေထွေမန်နေဂျာထံမှ ဆည်းပူးရရှိခဲ့ပါတယ်။ အတွေ့အကြုံ မရှိသေးသူကိုရွေးချယ်ရခြင်းမှာ ဖယောင်းကို ပုံသွင်းသလို ကိုယ်သွင်းတဲ့ ပုံစံဝင်စေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ တချို့နည်းပညာ ပိုင်းတွေမှာ .နူးညံ့သိမ်မွေ့လွန်းလှပါတယ်။ အပ်၊ ချည်ပင်တို့ကို ကိုင်တွယ်တဲ့နည်းကအစ အတွေ့အကြုံရှိပြီးသူကို သင်ရတာထက် ဘာမှမတတ်သေးသူကို သင်ရတာပိုပြီး လွယ်ကူပါတယ်။ အထွေထွေမန်နေဂျာက ရှင်းပြပါတယ်။ စက်ရုံတွေကနေ တတ်လာတဲ့သူတွေ အတော်များများဟာ  နည်းပညာပိုင်းမှာ ကြီးကြပ်ရေးမှူးတွေ သင်ပေးတာကို အရှေ့မှာ လိုက်နာပေမဲ့ .နောက်ကွယ်ကျတော့ ကိုယ် အားသန်ရာ နည်းပညာကိုသာ အဓိကထားပြီး လုပ်တတ်ကြတယ်။ ကြုံကြိုက်တိုင်း အမြဲသင်ပေးလေ့ရှိတဲ့ အထွေထွေမန်နေဂျာကို ကျမ ရိုသေလေးစားမိပါတယ်။ တခြားဌာနများမှာ တာဝန်ထမ်းဆောင်နေတဲ့ မန်နေဂျာများလည်း သူတို့တွေ့ကြုံရတဲ့ အခက်အခဲတိုင်းလိုလို အထွေထွေမန်နေဂျာရဲ့ အကူအညီကို ယူကြရပါတယ်။ ကျမတို့မန်နေဂျာအားလုံးရဲ့ အခက်အခဲကိုမေးတိုင်း .ဖြေရှင်းလို့မရတဲ့ .ပြဿနာမျိုး တစ်ကြိမ်တစ်ခါမှ မရှိခဲ့တာကို စိတ်ထဲကနေ လေးစား ချီးကျူးမိပါတယ်။

အလုပ်သမားများ ခန့်အပ်ပြီးတဲ့အခါကစပြီး မန်နေဂျာများ နည်းပညာရှင်များနဲ့ ကြီးကြပ်ရေးမှူးများရဲ့ သန့်ရှင်းရေးတာဝန်ကို အလုပ်သမားများကို ဘယ်ပုံ ဘယ်နည်းလုပ်ပါ ဆိုပြီး လက်လွှဲတာဝန်ပေးခဲ့ပါတယ်။ အလုပ်သမားများနေ့စဉ် လုပ်ငန်းသိမ်းပြီးချိန်မှာ သန့်ရှင်းရေးလုပ်ဆောင်ရပြီး ကြီးကြပ်ရေးမှူးများက သန့်ရှင်းရေးလုပ်ရာမှာ လိုအပ်ချက်များကို အနီးကပ်ကြပ်မတ်ကြပါတယ်။ ဌာနအလိုက် ကြီးကြပ်ရေးမှူးများကိုလည်း  ကိုယ့်လက်အောက်မှာရှိတဲ့ အလုပ်သမားတွေထဲကနေ လုပ်ငန်းကို စိတ်ဝင်စားပြီး အခြားသူများထက် ထက်မြက် ကျွမ်းကျင်သူများကို .ပြန်လည်ရွေးချယ်ရန် .စေခိုင်းပြီး ဌာနစိတ်ခေါင်းဆောင်များအဖြစ် ရာထူးသတ်မှတ်စေဖို့ စီမံခန့်ခွဲရေးဌာနကို တင်ခိုင်းပါတယ်။ အဆင့်ဆင့် အုပ်ချုပ်တဲ့နည်းစံနစ်ကို ကျင့်သုံးခြင်းဖြင့် လုပ်ငန်းပိုင်းမှာလဲ စည်းစနစ်ကျပြီး ပိုမိုထိရောက်တာတွေ့ရပါတယ်။

စက်ရုံသစ်စတင်ဖွင့်စမှ စပြီး နေ့စဉ် အထွေထွေမန်နေဂျာကအစ အောက်ခြေဝန်ထမ်းအထိ လူတိုင်းလိုလို ကိုယ်စီအလုပ်တွေနဲ့ အားလပ်ချိန်မရှိသလောက် အလုပ်များနေကြပါတယ်။ နိုဝင်ဘာလ ဒုတိယအပတ်ကို .ရောက်လာတဲ့အခါမှာ စက်ရုံရှိ ဝန်ထမ်းအင်အား စုစုပေါင်း ၃၀၀ ကျော်ရှိလာပြီး နည်းပညာရှင်နဲ့ ကြီးကြပ်ရေးမှူးတို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် စက်များပင် ထုတ်လုပ်မှုတွေ နေ့စဉ်သတ်မှတ်ချက်အတိုင်း ထုတ်လုပ်နေတာကို .ကျေနပ်အားရစရာ .တွေ့မြင်ရပါတယ်။ ထုတ်လုပ်မှုလုပ်ငန်းများကို အဆင့်ဆင့်တာဝန်ယူထားတဲ့ လိုင်းခေါင်းဆောင် ကြီးကြပ်ရေးမှူးများနဲ့ နည်းပညာရှင်တွေကလည်း အရည်အသွေး အရေအတွက် ဘက်စုံ ချို့ယွင်းချက်မရှိအောင် တာဝန်ကျရာဌာနမှာ တာဝန်ကျေ လုပ်ဆောင်ကြပါတယ်။

ဒီဇင်ဘာလလယ်မှာ ထွက်ရမဲ့ ကုန်ပစ္စည်းတွေကို နိုဝင်ဘာလ တတိယအပတ်မှာ ပထမဆုံးအသုတ်အဖြစ် ထွက်ရမဲ့သတင်းရောက်လာတယ် ‘ဗုဒ္ဓေါ’ လို့ တ ရမဲ့ကိန်းဆိုက်သွားပါတယ်။ ထုပ်ပိုးဌာနမှာ လူသစ်ခန့်တာမှ ၁၀ယောက်မပြည့်သေး။ တတ်ကျွမ်းမှုလဲ မရှိသေး။ အလုပ်ရှင်သူဌေးက အထွေထွေမန်နေဂျာအပေါ် ရာနှုံးပြည့် စိတ်ချထားပြီးပုံပါပဲ။ အပေါ်ဌာနတွေကို ဦးစားပေးပြီး လူသစ်တွေကို ခန့်ခဲ့တဲ့အတွက် အောက်ဌာနမှာ အခက်တော့တွေ့တော့မယ်လို့ စိုးရိမ်မိခဲ့တယ်။ စက်ရုံစတည်ပြီး ပထမဆုံး ထုတ်ကုန်ဖြစ်တဲ့အတွက် အစစအရာရာ အဆင်ပြေစေချင်သလို သိက္ခာလည်း အကျမခံချင်ပါ။ ကုန်ပစ္စည်းများ အချိန်မှီထွက်ဖို့ရာ တာဝန်ရှိတဲ့ Shipping မန်နေဂျာရဲ့ မျက်နှာလည်း ဇီးရွက်လောက်ဖြစ်နေတယ်။ ကနဦးထဲက အထွေထွေမန်နေဂျာက  ကျမတို့မန်နေဂျာများကို စကားဦးသန်းခဲ့ဖူးပါတယ်။ တစ်ဌာနမှာ အခက်အခဲဖြစ်နေရင် ကျန်ဌာနတွေက မဖြစ်မနေ ဝိုင်းကူရမယ်ဆိုတာလေ။ တစ်ဌာနရဲ့ .ပြဿနာဟာ ဌာနအားလုံးရဲ့ .ပြဿနာဆိုတာ အားလုံး နားလည်ထားပါလို့ ပြောခဲ့ဖူးတယ်။ ဒီတော့ ကျန်တဲ့မန်နေဂျာတွေလည်း မနေသာတော့။

အစည်းအဝေးခန်းမမှာ မန်နေဂျာအားလုံးဆုံကြတယ်။ အထွေထွေမန်နေဂျာ ဝင်လာပြီး မန်နေဂျာများ အားလုံး  ကျန်တဲ့အလုပ်တွေကို ခဏရပ်ဆိုင်းထားပါ။ ထုပ်ပိုးဌာနကို အားလုံး ဆင်းကြရအောင်ဆိုပြီး အထွေထွေမန်နေဂျာ ကိုယ်တိုင်ရှေ့က ဦးဆောင်ပြီး ထုပ်ပိုးဌာနကိုသွားကြပါတယ်။ ရုံးဝန်ထမ်းများ အချို့ ကြီးကြပ်ရေးမှူးများ အချို့ နည်းပညာရှင်များ နဲ့ မန်နေဂျာများအားလုံးကို အထွေထွေမန်နေဂျာမှ ထုပ်ပိုးနည်းစံနစ်ကို သင်ပေးပါတယ်။ စမ်းသပ် ထုတ်ပိုးခိုင်းပြီး သူကိုယ်တိုင် အရည်အသွေးစစ်ပါတယ်။ အဆင့်ဆင့်ထုပ်ပိုးနည်းစံနစ်ကို အသုံးပြုပါတယ်။ ထုပ်ပိုးပြီးတဲ့ ထုတ်လုပ်မှုကတော့ အံ့သြလောက်စရာပါ။ တစ်နေ့လုံးထမင်းစားပြီးချိန်ကနေ မရပ်မနား ထုပ်ပိုးလိုက်ကြတာ ည၈နာရီ ၁၀မိနစ်မှာ သတ်မှတ်စံချိန်ကို .ပြည့်သွားပါတယ်။ အထွေထွေမန်နေဂျာက .ပေါင်မုန့်နဲ့ ကြက်ဥဝယ်ခိုင်းပြီး အားလုံးကို ဝေခိုင်းပါတယ်။ အထွေထွေမန်နေဂျာရဲ့ ဦးဆောင်မှုနဲ့ စက်ရုံရဲ့ ပထမဆုံး ပွဲဦးထွက်အောင်မြင်မှု ခြေလှမ်းပါပဲ။

                                                   ကုမ္ပဏီ အမှတ်တရပုံ

                                                     ရုံးခန်းအမှတ်တရပုံ


(အဝေးရောက် ဝန်းထမ်းများရဲ့ အမြဲတန်းဆရာ အထွေထွေမန်နေဂျာ .နှင့် လုပ်ဖော်ကိုင်ဖက် မန်နေဂျာများ ကြီးကြပ်ရေးမှူးများ နည်းပညာရှင်များ ရုံးအဖွဲ့များနဲ့ ကုမ္ပဏီဝန်ထမ်းအားလုံးကို ဒီပို့စ်လေးနဲ့ မှတ်တမ်းတင်ပါတယ်)

မေတ္တာဖြင့်
အန်တီတင့်
Print this post

Comments

Caroline said...

Aunty, 14 years ago image....what a great memory !
Indeed, the post brings me our old days in Pacific Star.
I was working in the packing dept more than a month that time. I still remember those evenings where everybody were packing enthusiastically......
i'm looking forward to your further posts. Good job.. pls keep it up !

Post a Comment

Related Posts Plugin for WordPress, Blogger...