Loading...
Gadget by w2pro

ဆုံဆည်းခဲ့ရ တစ်ခဏသာ



ကျမမေမေဆုံးတော့ အငယ်ဆုံးမောင်လေးက အသက်(၂)နှစ်၊ မိခင်နို့ကို အငယ်ဆုံးမို့ စို့လို့ပင်မဝသေးတဲ့ အရွယ်။ နို့ညှာဖြစ်တဲ့ ညီမလေးကတော့ မေမေဆုံးပြီး တစ်လပြည့်မှ ဖေဖေက အိမ်ကိုခေါ်လာခဲ့ပါတယ်။ အစ်ကိုအကြီးဆုံးက အသက်(၉)နှစ်။ ကျမတို့မောင်နှမလေးယောက်နဲ့ ဘဝကိုရင်ဆိုင်နိုင်ဖို့ ဖေဖေ့အတွက် ကြီးမားတဲ့အခက်အခဲမို့ ‘တစ်ပင်လဲမူတစ်ပင်ထူ’ ဆိုသလို တစ်နှစ်အကြာမှာ မေမေအသစ်နဲ့ ဘဝအသစ် တစ်ခုကို ထူထောင်ခဲ့ပါတယ်။ ဖွားဖွား အဒေါ်သုံးယောက်အပြင် ဦးလေးနှစ်ယောက်ဟာ အမိမဲ့ ကျမတို့  ၊မောင်နှမ လေးယောက်ကို အစစအရာရာ ဂရုစိုက်သလို မေမေရှိစဉ်က ကျမတို့ကို မေမေပြုစုသကဲ့သို့ပင် ဝိုင်းဝန်းပြုစုကြပါတယ်။ ကျမကတော့ ထုံးစံအတိုင်း မေမေဆုံးပြီးနောက်ပိုင်း ကျန်းမာရေးမကောင်းတဲ့ အတွက် ကျောင်းပင်မှန်မှန် မတက်နိုင်သလို စာမေးပွဲတိုင်းလည်း မဖြေဖြစ်တာက ခပ်များများရယ်။ အဲဒီ အရွယ်တုန်းကတော့ ကျမကျောင်းကို မပျက်ချင်ခဲ့ပါဘူး အကြောင်းရင်းက မနက်ကျောင်းသွားတိုင်း ဖွားဖွား က တစ်ယောက်ကို မုန့်ဖိုး ၂၅ပြားစီပေးတဲ့အတွက် ကျမကျောင်းတက်ရမှာ ပျော်နေခဲ့သူပါ။ အဒေါ်အလတ် က အမြဲတန်းကျမကို ကြည်စယ်လေ့ရှိပါတယ် “လုလု ဘာလို့ကျောင်းတက်” လို့မေးတိုင်း “မုန့်ဖိုးရလို့တက်” လို့ ကျမကအမြဲပြန်ဖြေလေ့ရှိခဲ့တာမို့ ဒီကနေ့အထိ အတိတ်အကြောင်း ဆွေမျိုးတွေဝိုင်းဖွဲ့ပြောကြတိုင်း ကျမ အကြောင်းလေးကို အဒေါ်လတ်က ထည့်ထည်ပြောလေ့ရှိပါတယ်။


နောက်ထပ်အိမ်ထောင်သစ် ဖေဖေထူထောင်ပြီးသွားသည့်တိုင်အောင် ကျမရဲ့ ကျန်းမာရေးကတော့ ထူးခြားပြောင်းလဲမှုမရှိခဲ့ပါ။ နည်းနည်းထူထူထောင်ထောင် ၊ဖြစ်လာလိုက် မကြာမီပြန်လဲသွားလိုက် နဲ့ ကျောင်းမကြာခဏပျက်သလို စာမေးပွဲဖြေတိုင်းလည်း အိပ်ယာထဲလဲနေတဲ့အချိန်နဲ့ တိုက်ဆိုင်တဲ့အတွက် စာမေးပွဲဖြေဆိုရတဲ့အချိန် မရှိသလောက်ပါပဲ။ အစ်ကိုဖြစ်သူနဲ့ ညီမငယ်တို့နှစ်ယောက် မနက်တိုင်းကျောင်း ကို ထွက်သွားပြီဆိုရင် ကျန်ခဲ့တဲ့ကျမ ကုတင်ပေါ်မှာအချိန်များများ ကုန်ဆုံးခဲ့ရပါတယ်။ ဒါပေမယ့် ကျမ မပျင်းပါ အဘယ့်ကြောင့်ဆိုသော် ကျမရဲ့မောင်လေး ‘တူတူး’ ဟာ ကျမဘေးနားမှာ အမြဲလိုလို လာပြီး ကစားနေတတ်ပါတယ်။ ကျမမေမေဆုံးစဉ်ကာလတုန်းကတော့ တူတူးဟာ မေမေရှိတတ်တဲ့နေရာတိုင်းကို လိုက်ရှာတတ်သလို ပါးစပ်ကလဲ ‘မေမေ မေမေ’ ဟု ခေါ်လေ့ရှိခဲ့ပေမယ့် အချိန်တွေ  ကြာလာတော့လည်း 
သူမေမေ့ကို မေ့သွားပြီထင်ပါတယ်။ ကျမလည်း တူတူးနဲ့ တစ်ခုခုအမြဲကစားပါတယ်။ ဖွားဖွား ထမင်း ဟင်းချက်ပြုတ်ပြီးလို့ ရေချိုးရန် အပေါ်ထပ်ကို တက်လာတဲ့ခြေသံကြားပြီဆိုရင်တော့ ကျမ အသာအယာ ကုတင်ပေါ်ပြန်တက်ပြီး လှဲနေလိုက်ပါတယ်။ တစ်ခါတစ်ရံ ဖွားဖွားတက်လာသံကို မကြားမိပဲ ကျမ ကစားနေတာတွေ့ရင် “ပူလူးရယ် နေမကောင်းလို့ ကျောင်းတောင်မသွားနိုင်တာ ဒီလိုကစားနေရင် ပိုဆိုးတော့မပေါ့ ပူလူးက လိမ္မာပါတယ်ကွယ် တက် တက် ကုတင်ပေါ်မှာလှဲနေလိုက်” ဟု ပြောရင်း ကျမကို တွဲခေါ်ပြီး ကုတင်ပေါ်တက်ခိုင်းပြီး တဆက်တည်း တူတူးကို ထိန်းသော မူတူးလူဖက်သို့လှည့်ပြီး “ဟဲ့ မူတူးလူ ကလေးကို ဖျားတဲ့သူအနား မထားရဘူးလေ အဖျားကူးသွားမှဖြင့်ဒုက္ခ၊ သွား သွား အောက်ထပ်ကိုခေါ်သွား” ဟု ပြောသောနေ့များမှာတော့ ကျမတစ်ယောက်တည်း ကုတင်ပေါ်မှာ လှဲရင်း အိပ်ပျော်ခဲ့ရပါတယ်။

ကျမမောင်လေး တူတူးက လေယာဉ်ပျံ၊ သင်္ဘော၊ စစ်သား အရုပ်ကလေးတွေကို နှစ်ခြိုက် သဘောကျတဲ့ အတွက် ဖေဖေကကြုံရင် ကြုံသလို တူတူးနှစ်သက်တဲ့ အရုပ်ကလေးတွေကို ဝယ်လာပေးလေ့ရှိပါတယ်။ ကျမတို့အိမ်ကို မေမေအသစ် ရောက်လာခဲ့ပေမယ့် တူတူးကလွဲပြီး ကျန်မောင်နှမသုံးယောက်က မေမေ အသစ်ကို စိတ်ထဲကစိမ်းနေသလိုခံစားရတဲ့အတွက် သိတ်မကပ်ကြပါဘူး။ မေမေအသစ်က ကျောင်းဆရာမ ဆိုတော့ ဖေဖေရုံးသွားတိုင်း ဖေဖေ့ကားနဲ့ ပါသွားပြီး ညနေဖက်ဖေဖေ ရုံးကပြန်လာမှသာ ပြန်ပါလာတာမို့ အိမ်မှာ ရှိတဲ့အချိန်ကနည်းနေတာကလည်း ရင်းနှီးမှု မရတဲ့ အကြောင်းရင်းတစ်ချက်ပါ။ ရုံးပိတ်ရက်များမှာ လည်း အပြင်ကိစ္စတွေကြောင့် အိမ်မှာအနေနည်းတတ်တာကြောင့် ကျမတို့မောင်နှမတွေနဲ့ အနေစိမ်းနေ ခဲ့တာပါ။ တူတူးကတော့ ညနေဖေဖေတို့ ပြန်လာပြီဆိုတာနဲ့ အပြေးအလွှားသွားကြိုပြီး ဖေဖေ့ကို ချီခိုင်းပါ တယ်။ ဖေဖေက သူ့ကိုချီပိုးလိုက်ပြီဆိုရင် သဘောတွေကျပြီး တခစ်ခစ်နဲ့မြူးတူးစွာ အော်ရီတတ်လေ့ ရှိပါတယ်။ မေမေအသစ်ကလည်း တူတူးကို သူအားလပ်တဲ့ အချိန်လေးတွေမှာ အခန်းထဲခေါ်ထားလေ့ရှိတဲ့ အတွက် တူတူးကတော့ မေမေအသစ်ပေါ် ချစ်ခင်တွယ်တာနေပုံရပါတယ်။


တစ်နှစ်အကြာ ကျမအသက် (၉)နှစ်မှာ မေမေအသစ်က မောင်လေးတစ်ယောက် ကူကူးကို မွေးဖွား လာတယ်။ ကျမတို့လည်း သွေးကစကားပြောတော့ မနေသာပေါ့၊ ကျမတို့ရဲ့ မောင်လေး ကူကူးကို အချိန် ရရင် ရသလို အခန်းထဲ ဝင်ဝင်ကြည့်ကြသလိုမောင်လေးကို အတော်လေးလည်းချစ်ကြတယ်။ ဒီလိုနဲ့ကျမတို့ တစ်တွေမေမေအသစ်နဲ့ စတင်ရင်းနှီးမှုရလာခဲ့တယ်။ လအနည်းငယ်အကြာ တစ်နေ့ ဖေဖေရုံး ကပြန်လာ .တော့ ဖွားဖွားက ဖေဖေ့ကိုကြည့်ပြီး “ကိုကြည် နေမကောင်းဖူးလား မျက်နှာလည်းမကောင်းပါလား” လို့မေးသံကြားတာနဲ့ အဒေါ်တွေရော ကျမတို့ပါ အိမ်ရှေ့ခန်းကို ရောက်လာကြတယ်။ အဲဒီအချိန်မှာဖေဖေ က  “နေကောင်းပါတယ် မမရယ်။ စိတ်မကောင်းစရာ သတင်းရလာလို့ပါ။ မပြောလည်း ပြီးမှာမဟုတ်ဘူး ကျနော် ကျိုက်ထိုဖက်ကို တာဝန်အရပြောင်းရွှေ့ရမယ်” ဖေဖေ့စကားအဆုံးမှာ အားလုံးက “ဟင်” ဆိုပြီး အခိုက်အတန့်ငြိမ်သက်သွားကြတယ်။ အဲဒီမှာတင် မိသားစုတွေ ခေါင်းချင်းဆိုင် တိုင်ပင်ကြရပါတော့တယ်။ အကြောင်းရင်းကဖေဖေ့နောက်ကို ကျမတို့မောင်နှမလေးယောက် လိုက်သွားရေးမလိုက်သွားရေးကို အဓိက ထားပြီး လူကြီးတွေ တိုင်ပင်ကြတယ်။ ဖွားဖွားကတော့ ကျမတို့ကို သူနဲ့နေခဲ့စေချင်သလိုအဒေါ်တွေကလည်း ကျမတို့ကို ငယ်ငယ်ထဲက ထိန်းကျောင်းလာခဲ့ရတော့ ထောက်ခံတယ်လေ။ ဖေဖေကျပြန်တော့လည်း ကျမတို့ကို ခွဲမထားခဲ့ချင်။ မေမေအသစ်ကလည်း ကျမတို့ကို အတူတကွ ခေါ်သွားချင်ပြန်တယ်။ ဒီမှာတင် တိကျပြတ်သားတဲ့ အဖြေက ထွက်မလာခဲ့ပါဘူး။

ဒီလိုနဲ့ ဖေဖေပြောင်းရမဲ့ရက်က နီးကပ်လာတယ်။ တစ်နေ့ မနက်စာ စားချိန် ထမင်းစားပွဲတွင်လူစုံချိန်မှာ ၊ဖေဖေကပဲစတင်ပြီး “ကျနော် ကလေးတွေကို ခေါ်သွားဖို့ ဆုံးဖြတ်လိုက်ပြီ မမ။ ဒီတော့ မမတို့လည်း စိတ်မကောင်း ဖြစ်မနေပါနဲ့” လို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ချပြီးပြောလိုက်တော့ ဖွားဖွားက “အင်းပေါ့ ကိုကြည်ရယ် မင်းက အဖေတစ်ယောက်ပဲလေ ငါလည်း နားလည်ပါတယ်။ မင်းတို့ ကျိုက်ထိုကိုပြောင်း သွားပြီးရင်တော့ ငါတို့အားလုံးလည်း ရန်ကုန်အလုံမှာပဲ ပြန်နေတော့မယ်။ ကျိုက်ထိုကိုတော့ အဆင်ပြေတဲ့ အခါ လာလည်မှာပေါ့” လို့ ဖေဖေကျေနပ်အောင် ဖွားဖွားက ပြောလိုက်ပေမယ့် ဖွားဖွားရဲ့ ရင်ထဲက ဝမ်းနည်းတဲ့ ခံစားချက်ကြောင့် အသံတွေကတော့ တုန်ခါနေပါတယ်။ ဖွားဖွားစကားအဆုံးမှာ အစ်ကိုလုပ်သူ က “တီးတိုး ဘော်ဒါနေခဲ့ချင်တယ်၊ အခုကျောင်းက စာမေးပွဲလည်း နီးနေပြီ ကျောင်းအသစ်မပြောင်းချင်ဘူး” လို့ ဖေဖေ့ကို တောင်းဆိုလာပါတယ်။ ဒီတော့ လူကြီးတွေ တစ်ကြိမ်ထပ်ပြီး ခေါင်းချင်းဆိုင် ဆွေးနွေးကြပြန် တယ်။ နောက်ဆုံးတော့ ဖေဖေက “ကောင်းပြီလေ ဘော်ဒါနေခဲ့ချင်တယ်ဆိုရင် ထားပေးမယ်။ တကယ်လို့ တီးတိုဘော်ဒါမှာ နေရတာ မပျော်ဘူးဆိုရင်တော့ ဖေဖေ့ကို ဖွားဖွားတို့ကနေတဆင့် လှမ်းပြောလိုက်နော်  ၊ဖေဖေချက်ခြင်းလာခေါ်မယ်” လို့ပြောတော့ ကျမအစ်ကို “ဟုတ်ကဲ့” ဟု မဆိုင်းမတွပြန်ဖြေတယ်။ အတော်ပျော်သွားပုံလည်းရပါတယ်။ မပျော်နိုင်သူကတော့ ကျမပေါ့။ ညအိပ်ယာဝင်တော့ ညီမလေးက ကျမကို “မမ ကိုကိုက လိုက်ဖူးဆိုတော့ ညီမလေးတို့ပြင်းတော့မှာပဲနော်” လို့ ပြောတော့ အစ်ကိုဖြစ်သူနဲ့ ခွဲခွာပြီးနေရတော့မှာမို့ ကျမအတွက် ဒုတိယအကြိမ် ဝမ်းနည်းရမဲ့အချိန် မကြာခင်အတောအတွင်း ရောက် လာတော့မှာပါလားလို့ တွေးမိလိုက်တယ်။

ကျမတို့မရွှေ့ပြောင်းခင် တစ်ပတ်အလို တနင်္ဂနွေနေ့မှာ အစ်ကိုဖြစ်သူကိုဖေဖေက စိန်ပီတာကျောင်း (မန္တလေး)မှာ ဘော်ဒါအပ်ဖို့အတွက် ခေါ်မသွားမီ ကျမတို့မောင်နှမများအားလုံး ထမင်းအတူစားခဲ့ပါတယ်။ အစ်ကိုက ဝမ်းနည်းနေတဲ့ကျမကို “လုလု ဝမ်းနည်းမနေပါနဲ့ ကိုကို ကျောင်းပိတ်ရက်တိုင်း လုလုတို့ဆီကို အလည်ပြန်လာမှာပဲဟာ၊ တူးမာနဲ့ တူတူးကိုလည်း ဂရုစိုက်နော် ကြားလား” လို့ တစ်တွတ်တွတ် မှာကြားနေချိန်မှာတော့ ကျမရဲ့အစ်ကိုကို စကားတွေဖောင်ဖွဲ့ပြီး ပြန်ပြောချင်ပါသော်လည်း ပြန်ပြောနိုင်ဖို့ အင်အား အလျင်းမရှိခဲ့တော့ပါ။ ဖွင့်ဟလို့ပြောမပြတတ်တဲ့ ခံစားမှုမျိုးကိုသာ ကျမခံစားနေခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ဖေဖေနဲ့အတူ ကျမတို့ပြောင်းရွှေ့ဖို့ရာ ရက်ကိုရောက်လာပါတော့တယ်။ ဘူတာရုံကို ဖွားဖွား၊ အဒေါ်နဲ့ ဦးလေးတွေလိုက်ပို့ကြပါတယ်။ ဖွားဖွားက ကျလာတဲ့ မျက်ရည်စလေးတွေကို ဝတ်ထားတဲ့ ပဒုမ္မာ အင်္ကျီလက်ရှည်ထိပ်အစလေးနဲ့ တို့တို့ပြီးသုတ်နေသလို အဒေါ်တွေအားလုံးလည်း မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့တွေ့ရပါတယ်။ ဖွားဖွား အဒေါ် ဦးလေး အစ်ကိုတို့နဲ့ ခွဲခွာရတော့မယ့် ကျမလည်း ကျဖို့ရန် ခိုင်မာ လွန်းတဲ့ မျက်ရည်ကြောင့် ရင်ထဲမှာ တင်းကျပ်ပြီး လည်ပင်းမှာလည်း ဆို့နစ်နေတဲ့ဝေဒနာကို ခံစားနေရ ပါတယ်။ “တူတူး ကျိုက်ထိုကို လိုက်သွားတော့မယ်ဆိုရင်တော့ မူတူးလူလည်း ရွာပြန်တော့မယ်” ဆိုတဲ့ တူတူးရဲ့ အထိန်းတော် မူတူးလူလဲ တစ်ရှုံ့ရှုံ့ငိုနေရင်း တူတူးကိုပွေ့ဖက်ကာ နမ်းရှုံ့နေပါတော့တယ်။ ကြုံရဆုံရ လူ့ဘုံဘဝမှာ ပျော်ကြရွှင်ကြနဲ့ ခရီးလမ်းကို လျှောက်လှမ်းခဲ့ကြရပေမယ့် အနိစ္စဟူသော မမြဲသော တရား၊ အနတ္တဟူသော သူ့သဘောကိုသူဆောင်လျက် ကွေကွင်းကြ ဝမ်းနည်းကြ ပူဆွေးကြနဲ့ ဆက်ပြီး ကျမတို့လျှောက်လှမ်းကြရအုံးမှာပါလား။ တကယ်တော့လည်း လူ့ဘောင်လူ့လောကထဲမှာ ကျမတို့အားလုံး ‘ဆုံဆည်းခဲ့ရ တခဏသာ’ ပါ။

မေတ္တာဖြင့်
အန်တီတင့်

Print this post

Comments

လရိပ်အိမ် said...

လွမ်းမောစရာနေ့ရက်လေးတွေပေါ့

blackroze said...

အန်တီတင့်ရေ

အန်တီရဲ့အမှတ်တရတွေအားလုံးကို
တပုဒ်ချင်းလိုက်ဖတ်သွားပါတယ်..

mstint said...

လရိပ်အိမ်
အသေအချာပါပဲ လရိပ်အိမ်ရေ။ ဘယ်တော့မှ မေ့ပျောက်လို့မရတဲ့ အတိတ်ရဲ့ခြေရာလေးတွေပေါ့။

Blackroze
အခုလို တကူးတက လာအားပေးတာ ကျေးဇူးပါကွယ်။ အမြဲတန်းကြိုဆိုလျက်ပါနော်။

Post a Comment

Related Posts Plugin for WordPress, Blogger...