Loading...
Gadget by w2pro

ကြိုက်၏ မကြိုက်၏ (တက်ဂ်ပို့စ်) မောင်(စွယ်စုံကျမ်း)

5 comments

                                        ဗုဒ္ဓရုပ်ပွားတော်တွေပင့်ပြီး ပူဇော်တာကို နှစ်သက်တယ်
မနေ့တစ်နေ့ကမှ ဘလော့ဂ်ဂါလောကကို ကျမရောက်ခဲ့ပေမယ့် နေ့စဉ်နဲ့အမျှ ကျမဘလော့ဂ်ကို လာရောက် ဖတ်ရှုတဲ့ စာဖတ်မိတ်ဆွေများရဲ့ အားပေးမှုဟာ ကျမအတွက်ဘလော့ဂ်ဂါဘဝကို တည်တံ့စေမယ့်အားဆေး လေးတွေပါ။ ကျမရဲ့ ဘဝအတွေ့အကြုံမှတ်တမ်းလေးတွေအဖြစ် ပို့စ်တွေတင်ရင်း ရခဲ့ရတဲ့ အကောင်းဆုံး ရလဒ်ကတော့ စာပေမိတ်ဆွေ တိုးပွားလာသလို ရသ သုတ တရားဓမ္မ ကဏ္ဍမကျန် ဘဝအလင်းရောင် ရရှိ ခဲ့ခြင်းပါ။

အဖြူရောင်နတ်သမီးရဲ့ တက်ဂ်ပို့စ်ကနေစပြီး ကျမတက်ဂ်ပို့စ်တွေကို ဖတ်လာရင်းကနေ တဂ်ပို့စ်ရဲ့ သဘော ကို နားလည်လာစမှာ ကျေးဇူးရှင်လေး မောင်(စွယ်စုံကျမ်း) ရဲ့ ကောင်းမှုကြောင့် အန်တီတင့်တစ်ယောက် စာ ဖတ်မိတ်ဆွေတို့ကို ကိုယ့်ကိုယ်ကို မိတ်ဆက်ရတော့မှာပေါ့နော်။ မိတ်ဆက်ခွင့်ရတဲ့အတွက် ကျေးဇူးပါနော်။ ဘလော့ဂ်မှာ ကျမအကြောင်းနဲ့ပတ်သက်ပြီး ငယ်စဉ်ကစလို့ လက်ရှိအခြေအနေအထိ ဘဝအတွေ့အကြုံများ အဖြစ် ရေးနိုင်သလောက်တော့ ရေးတင်ခဲ့ပြီးပါပြီ။ နောင်တစ်ချိန်ချိန်အတွက် မှတ်တမ်းလေးအဖြစ် ခြေရာ ချန်ပြီး ထားခဲ့ချင်တဲ့ ကျမရဲ့ ဆန္ဒပါ။

ကျမ ရန်ကုန်စက်မှုတက္ကသိုလ်တက်စဉ်က ဖရက်ရှ်ရှာဘဝနဲ့ သုံးနှစ်နေခဲ့ရပါတယ်။ အကြောင်းရင်းကတော့ ဒေသကောလိပ်တွေပေါ်လာတာကြောင့် ကျမတို့ကျောင်းတော်ကြီးကို ဖရက်ရှ်ရှာတွေ နှစ်နှစ်တိတိရောက် မလာခဲ့ပါဘူး။ ဒီတော့ ဖရက်ရှ်ရှာလေးတွေ ရောက်မလာတာကြောင့် စီနီယာအစ်ကိုကြီးတွေကလည်း ကျမ တို့တစ်တွေကို ဖရက်ရှ်ရှာအဖြစ် သုံးနှစ်ဆက်တိုက် သတ်မှတ်ခဲ့ကြပါတယ်။ ကျမတို့ တက္ကသိုလ်တက်စဉ်က ကျောင်းသား ကျောင်းသူ အများစုဟာ အရပ်မြင့်ပြီး ကိုယ်လုံးကိုယ်ထည် ထွားကြိုင်းသူ များကြပါတယ်။ ကျမ တက္ကသိုလ်ကို ခြေလှမ်းစလှမ်းတာနဲ့ ဖေဖေ့ရဲ့ အမှာစကားလေးကို သွားသတိရမိတယ် “သားတို့ သမီးတို့ ကိုယ့်ရဲ့အဆင့်အတန်းနဲ့ တူတဲ့သူကို ရွေးချယ်ခြင်ရင် ကိုယ့်ရဲ့လက်ရှိ အခြေအနေကို ပြန်သုံးသပ်ပြီး ဆုံးဖြတ် ပေါ့” တဲ့။ “ဆယ်တန်းမှာ ရွေးရင် ဆယ်တန်းကျောင်းသားပဲရမယ် တက္ကသိုလ်မှာရွေးရင် တက္ကသိုလ် ကျောင်း သားရမယ်။ အလုပ်ထဲမှာရွေးဖို့ဆိုတာကိုတော့ အတတ်နိုင်ဆုံး မစဉ်းစားနဲ့ပေါ့” တဲ့။ “ကိုယ့်ရဲ့အိမ်ထောင် ဖက်ကို တက္ကသိုလ်မှာရွေးချယ်တာဟာ အနာဂါတ်လျှောက်လှမ်းရမည့် ဘဝခရီးအတွက် အမှန်ကန်ဆုံး လက် တွဲဖော်ပဲ” လို့ပြောဘူးတယ်။ ထိုစဉ်ကတော့ ဖေဖေပြောတဲ့ အဓိပ္ပာယ်ကို နက်နက်နဲနဲ စဉ်းစားတွေးခေါ်တာ မျိုးမရှိသည့်တိုင် ဖခင်ချစ်တဲ့သမီးမို့ ဖခင်ပြောရင်ပြောတဲ့အတိုင်း လုပ်တာကြောင့် တက္ကသိုလ်တက်ရင်း အနာဂါတ်အတွက် လက်တွဲဖော်ကို ကျမစတင်လို့ ရွေးချယ်ခဲ့ပါတယ်။ ကျမအရပ် ၅ပေ၆လက္မ ကျောင်းမှာ အရပ်ရှည်တဲ့ စီနီယာအစ်ကိုကြီးတွေတော့ ရှိပါရဲ့။ ကိုယ့်ကို သဘောကျအုံးမှလေ။ ကိုယ့်ကိုသဘောကျတဲ့ သူကျပြန်တော့ ကိုယ့်ထက်အရပ်ပုနေတာမို့ မကြိုက်ပြန်ဘူး။ အရပ်တော့ရှည်ပါရဲ့ ရုပ်ဆိုးနေပြန်ရင်လည်း မကြိုက်ပြန်ဘူး။ စက်မှုတက္ကသိုလ်မှာ စာသင်နေတဲ့ အတန်းတူသူငယ်ချင်းတွေ ကျပြန်တော့ပြောမနာဆိုမနာ တွေမို့ ချစ်သူရည်းစားအဖြစ်ခံစားလို့မရပြန်။ ဒီလိုနဲ့ ရက်၊ လတွေအလီလီ ညောင်းလို့ နှစ်တွေလည်း ပြောင်း ခဲ့ပြီ။ ပထမနှစ် ဒုတိယနှစ် ၂-နှစ်သာကုန်သွားတယ် လက်တွဲဖော်က မရ သေး။ မလျှော့သော ဇွဲကို အရင်း တည်ပြီး ရှာပုံတော်ဖွင့်ရင်း နောက်ဆုံးတော့ ကျမတတိယနှစ် ချည်မျှင်နှင့် အထည် အင်ဂျင်နီယာတန်းမှာ ကျမနဲ့ ဌာနတူပြီး တစ်တန်းကြီးတဲ့ အသားဖြူဖြူ ရုပ်ဖြောင့်ဖြောင့် အရပ် ၅ပေ၈လက္မ စီနီယာ အစ်ကိုကြီး တစ်ယောက်နဲ့ ရေစက်ပါလာခဲ့တယ်။

သူကလည်း ချည်မျှင်နှင့်အထည် အင်ဂျင်နီယာဌာန အသင်းမှာ အတွင်းရေးမှူးတာဝန် ၊ ကျမကတော့ တွဲဖက် အတွင်းရေးမှူးတာဝန် ယူရတယ်။ ဥက္ကဌတာဝန်ကတော့ ချည်မျှင်နှင့်အထည်ဌာနမှူးက တာဝန်ယူထားပါ တယ်။ ဌာနရဲ့ ရန်ပုံငွေကို ရှာဖွေပေးတဲ့အဖွဲ့တစ်ဖွဲ့ပါ။ ထိုစဉ်အခါက ကျမတို့ကျောင်းမှာ ဌာနပေါင်းစုံပြုလုပ် တဲ့ ရန်ပုံငွေရှာတဲ့ (fund fair) ပွဲလေးတွေ လုပ်လေ့လုပ်ထရှိတယ်။ အဲဒီလိုပွဲလေးတွေရောက်ရင် ကိုယ့်ဌာနရဲ့ ရန်ပုံငွေကိုတိုးအောင် ကျောင်းသားတိုင်း ဝိုင်းဝန်းလုပ်ဆောင်ကြရတာ ပျော်စရာအလွန်ကောင်းပါတယ်။ ကျမက အမြဲတန်း တက်တက်ကြွကြွနေတတ်သလို ဘယ်အဖွဲ့အစည်းမဆိုဝင်ပါတတ်ပါတယ်။ားကစား ဖက်မှာတော့ ရေကူး ကြက်တောင်ရိုက် ဘော်လီဘော ခြေလျင်တောင်တက်ဆိုလည်း မလွတ်ပြန်။ ဒီကြားထဲ စက်မှုတက္ကသိုလ်ကျောင်းရဲ့ ကျောင်းကပွဲတွေမှာလည်း စတိတ်ပေါ်တက်ပြီး သီချင်းက ဆိုသေး။ မြိုင်ထ နှစ်ပါးသွားအကမှာ မင်းသားအဖြစ် ဝင်ကပြန်တယ်။ အဲဒီလို နေရာတကာ စပ်စပ် စပ်စပ်ပါတဲ့ ကျမကို စီနီယာ အစ်ကိုကြီးက နည်းနည်းမှကြည့်လို့မရပါဘူး။ စိတ်ဝင်စားမှုဆိုတာတော့ဝေးပေါ့း)။ ကျမတို့ဌာနမှာရှိတဲ့ တခြားစီနီယာအစ်ကိုကြီးတွေကတော့ ကျမကို ခင်ခင်မင်မင် ရင်းရင်းနှီးနှီးနဲ့ လိုအပ်တဲ့ အကူအညီလေးတွေ ပေးပါတယ်။ ကျမရဲ့ ဖူးစာရှင်ကြီးကတော့ အိုက်တင်ကြီး တစ်ခွဲသားနဲ့ မျက်နှာကလည်း ခပ်တည်တည် လူကို လည်း အဖက်မလုပ် ဒီတော့ ကျမအတွက် မြှားဦးက သူ့ဖက်ကို တည့်တည့်မတ်မတ် လှည့်သွားခဲ့တာပေါ့။

ကျမရဲ့အနေအထိုင် အပြောအဆို က ယောက်ျားလေးဆန်ပါတယ်။ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ပျော့ပျော့ ပျောင်းပျောင်း မရှိသလောက်ပါ။ ဒါပေမယ့် ကြီးသူကို ရိုသေ ရွယ်တူကို လေးစား ငယ်သူကို သနားဆိုတဲ့ ဆောင်ပုဒ်ကိုတော့ လက်ကိုင်ထားခဲ့သူ တစ်ယောက်ပါ။ ချည်မျှင်နှင့်အထည်ဌာနမှာ မိန်းကလေး နှစ်ဦးပဲရှိပါ တယ်။ ကျန်သူငယ်ချင်းက အရပ် ၅ပေ၈လက္မမို့ ကျမအတွက် တွဲသွားတွဲလာ လုပ်ရတာ အဆင်ပြေပါတယ်။ သူကအတော်လေးအေးချမ်းပြီး တစ်နေ့နေလို့ စကားတစ်ခွန်း ပြောခဲတဲ့ သူငယ်ချင်းပါ။ မကျေနပ်တာရှိရင် တော့ ဒိုးဒိုးဒေါက်ဒေါက် ပြောချတတ်တာမို့ ကျမအလွန်သဘောကျပါတယ်။ ကျမ စိတ်မကောက်တတ်သလို စိတ်ကောက်တတ်သူကိုလည်း မချော့တတ်ပါဘူး။ ကျမကို အပြစ်ရှိလိုဆူရင်လည်း တည့်တည့်မတ်မတ် အပြစ်ကိုထောက်ပြပြီး ဆူလိုက်တာမျိုးကို သဘောကျပြီး နားပူတဲ့အထိ ပြောနေတာကို မကြိုက်ပါဘူး။ ကိုယ် တိုင်လည်း ဘယ်သူ့ကိုဖြစ်စေ ပြောစရာရှိရင် လိုရင်းနဲ့တိုတိုပဲ ပြောလေ့ရှိပါတယ်။ ကျမဖေဖေ ဆုံးမစကား ပြောရင်လည်း အများဆုံး ၁၀မိနစ်ပါပဲ။ တစ်ခါတစ်ရံ ၅မိနစ်တောင်မရှိပါဘူး။ ကျမဖေဖေ့ရဲ့ နည်းလမ်းတွေကို အလွန်နှစ်သက်ပါတယ်။

စက်မှုတက္ကသိုလ်ရောက် မိန်းကလေးအတော်များများဟာ သိမ်မွေ့နူးညံ့တဲ့သူ ရှားပါတယ်။ စာသင်ချိန် တစ် ချိန်နဲ့တစ်ချိန်အကူးမှာ ပင်မသုံးထပ်ဆောင်ကြီးကနေ ခြေလှမ်းပေါင်း ၅၀၀ကျော်လောက်ရှိတဲ့ အဆောက် အဦးဆီကို ၅မိနစ်အတွင်း အရောက်ပြေးလွှားသွားရတာမို့ တစ်လှမ်းချင်းသာလျှောက်နေလို့ အဆင်မပြေပါ ဘူး။ တစ်ခါတစ်ရံ Drawing ဆွဲရတဲ့နေ့မျိုးဆိုရင် လက်ထဲမှာ T တုတ်တွေကပါသေး။ ဘယ်လိုပဲဖြတ်သန်းခဲ့ရ ပေမယ့် ကျမဘဝမှာ အပျော်ဆုံးသော နေ့ရက်များပါ။ နေ့လည် ထမင်းစားချိန်ဆိုရင် အဆောင်ကထည့်လာ တဲ့ထမင်းချိုင့်ကို Canteen ယူသွားပြီး အသုတ်တစ်ခုခုနဲ့ စားလေ့ရှိပါတယ်။ ကျမနဲ့တွဲတဲ့ သူငယ်ချင်းက နေ့ ကျောင်းသူဖြစ်တာမို့ ကျမအတွက် အမြဲလိုလိုဟင်းအပိုထည့်ခဲ့ပေးပါတယ်။ အစားအသောက် မှာဂျီးမများပါ ဘူး ကျောင်းသားဘဝမှာ အသားစုံစားခဲ့ပေမယ့် အခုအချိန်မှာတော့ ဝက်နဲ့အမဲကို ကျန်းမာရေးအရ ရှောင်ပါ တယ်။ မက်မက်စက်စက် နှစ်သက်တဲ့အစာရယ်လို့တော့ မရှိပါဘူး။ ငယ်ငယ်ကအမြဲလိုလို ဆီပြန်စားတတ် ပေမယ့် အသက်ရလာတဲ့အခါမှာတော့ ကျန်းမာရေးအသိပညာပေးတွေကြောင့် မိသားတစ်စုလုံးကို အဆီ လျှော့ပြီး စားစေပါတယ်။ နေ့စဉ် ဝါ စိမ်း နီ ပြာ အရောင်စုံပါတဲ့ အဟာရဓာတ် စုံလင်အောင် ချက်တတ်ပါ တယ်။ သူငယ်ချင်းတွေကဖြစ်စေ သားတွေကဖြစ်စေ ရေခဲမုန့်ဝယ်လာကျွေးရင် စားပါတယ်။ သရက်သီး လဘက်သုတ်တို့နဲ့လည်း ထမင်းတစ်နပ်စာ လုံလောက်တတ်ပါတယ်။ ဟင်းအများကြီးနဲ့ စားရတဲ့ပွဲတွေမှာ လည်း ဟင်းစုံမစားဖြစ်တာများပါတယ်။ မောင်နှမများတာရယ် မေမေက ငယ်စဉ်ကပင် အကျင့်ကောင်းလေး တွေပေးထားတာမို့ အစားအသောက်မှာ ဂျီးမများတတ်ခဲ့ပါဘူး။ ထမင်းမစားဖြစ်တဲ့ရက်များမှာ သရေစာစား ပြီး တင်းတိမ်သွားတဲ့အခါမျိုးလည်း ရှိပါတယ်။

ကျမငယ်စဉ်အရွယ် မူလတန်း အလယ်တန်း အထက်တန်း ကာလမှာ အများအားဖြင့် ကျန်စစ်သားအသင်း (အဝါရောင်) မှာနေရတာများသလို ကျမကိုယ်တိုင် အရောင် နဲ့ပတ်သက်ပြီး အဝါရောင်ကို အလွန်နှစ်သက် ပါတယ်။ တက္ကသိုလ်တက်နေစဉ် အချိန်အထိ ကျမ အဝါရောင်ကို နှစ်သက်ဆဲပါ။ သို့သော် အချိန်အခါ အသက်အရွယ်ပေါ်မူတည်ပြီး တဖြည်းဖြည်းပြောင်းလဲတတ်တဲ့သဘောထင်ပါရဲ့ အခုအသက်အရွယ်မှာ ကျမလိမ္မော်ရောင်ကို နှစ်သက်သလို ကျမရဲ့ အဝတ်အထည်အတော်များများဟာ လိမ္မော်ရောင်များပါတယ်။ သို့ပေမယ့်လည်း မနှစ်သက်တဲ့အရောင်ရယ်လို့တော့ မရှိပါဘူး။ ဘာအရောင်ဖြစ်ဖြစ် ဝတ်လိုက်တာပါပဲ။ နုနု ရင့်ရင့်လည်း ဝတ်တတ်ပါတယ်။ ကျမ အထက်တန်းပညာပြီးဆုံးသွားလို့ အ.ထ.က (၃) ဒဂုံ ကျောင်းနှုတ်ဆက် ပွဲဖြစ်တဲ့ ကျောင်းကပွဲမှာ ‘အဝါရောင်ခြယ်မယ် ပြဇာတ်’ မှာ ယောက်ျားလေးအဖြစ် သရုပ်ဆောင်ကခဲ့ဘူးပါ တယ်။ အင်္ကျီ ပုဆိုး တိုက်ပုံ အဝါရောင် ဝတ်စားဆင်ယင်ပြီး ကခဲ့တာကို ယနေ့တိုင် မှတ်မိနေဆဲပါ။

ကျမရဲ့ဝါသနာ ကတော့ ခပ်များများပါ။ ဗုဒ္ဓရုပ်ပွားတော်များ ဓာတ်တော်များ ပူဇော်တာကို နှစ်သက်ပါတယ်။ ကျမဖြစ် စေ ကျမအမျိုးသားဖြစ်စေ ဘယ်နိုင်ငံရောက်ရောက် ကိုယ်ရောက်ခဲ့တဲ့ နိုင်ငံရဲ့ ဗုဒ္ဓရုပ်ပွားတော်ကို ရအောင် ပင့်ဆောင်ခဲ့ပါတယ်။ ကျမရဲ့ ဘုရားခန်းမှာ ဗုဒ္ဓရုပ်ပွားတော် စုစုပေါင်း  ၅၂-ဆူ ရှိပါတယ်။ ကျမ ရဲ့ ရင်းနှီး ခင်မင်ပြီး အကြောင်းသိနေတဲ့ သူငယ်ချင်းတွေက လက်ဆောင်ပေးရင် ဗုဒ္ဓရုပ်ပွားတော်ပဲ ပေးတတ် ကြပါတယ်။ မက္ကာအိုကို ရောက်စဉ်ကတော့ ပူဇော်ဖို့ရာ ဘယ်လိုမှ ရှာမရခဲ့တာမို့ ပင့်ဆောင်ခြင်း မလုပ်ခဲ့ရ ပါဘူး နောက် ထပ် ဝါသနာတစ်ခုက အစားအသောက်နဲ့ပတ်သက်ရင် စမ်းသပ်ချက်ပြုတ် တတ်သလို မုန့် တစ်ခုခုကို တစ် နေရာရာမှာ စားလာပြီး နှစ်သက်ပြီဆိုရင် အားတဲ့အချိန်မှာ စမ်းသပ်လုပ်ကြည့်ပါတယ်။ မုန့်လုပ်ပြီးရင် အနီး အနားက အမျိုးတွေကို ဝေပေးတတ်တဲ့ ဝါသနာထုံပါတယ်။ ကျမအိမ်ရဲ့ အနီးအနားမှာ ညီမအိမ်၊ ဝမ်းကွဲညီမ အိမ်၊ အဒေါ်အငယ်အိမ်၊ အဒေါ်အလတ်အိမ်တို့ရှိပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၃ကြိမ်လောက် တစ်အိမ် အိမ်မှာဆုံတတ်ကြပါတယ်။ နောက်ဆုံးဘာမုန့်မှ လုပ်မစားဖြစ်ရင် လဘက်သုတ်ပြီး ထမင်းဖြူနဲ့ စားတတ် ကြပါတယ်။ ကျန်အားလပ်ချိန်မှာတော့ အပြင်ထွက်တိုင်း စာအုပ်တစ်မျိုးမျိုး ဝယ်လာပြီး ကျမ ဖတ်တတ်ပေ မယ့် အခုဘလော့ဂ်ဂါ မိတ်ဆွေများရဲ့ ကျေးဇူးကြောင့် စာအုပ်နဲ့ပတ်သက်ပြီး ငွေကုန်ခမ်း မှုရပ်တန့်သွားတာ ၃လရှိပါပြီ။ လက်ရှိအခြေအနေမှာ အစားအသောက်ဘက်မှာ နည်းနည်းအချိန်ကို လျှော့ ထားပြီး အင်တာနက် သုံးတဲ့ဖက်ကို ပိုအလေးသာပေးထားလာပါတယ်။ 

                              လမ်းမှာတွေ့ရင်နှုတ်ဆက်နော် (မသိချင်ယောင်ဆောင်နေမယ်း))

မောင်(စွယ်စုံကျမ်း) ရေ ဒီလောက်ဆိုရင် ကျေနပ်ပြီမဟုတ်လားကွယ်။ လာရောက်အားပေးကြတဲ့ စာဖတ် မိတ်ဆွေများအားလုံး စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခပြည့်ဝကြပါစေလို့ တောင်းဆုချွေပြီး မေတ္တာပို့သလိုက်ပါတယ်နော်။

မေတ္တာဖြင့်
အန်တီတင့်

စိတ်ထဲရှိတာလေးတွေ

3 comments


မနက်စောစောလေး အချိန်ရတုန်းမို့ ပို့စ်လေးတစ်ပုဒ်လောက်တော့ တင်မယ်ပေါ့။ ဘလော့ဂ်တွေလည်း အချိန်ရသလောက်လေး လည်မယ်လို့စိတ်ကူးထားတာ ဒါပေမယ့် အနတ္တသဘောလေး ပါလာပြန်တယ်။ ကွန်ပျူတာလည်း ဖွင့်ရော မီးလည်းပျက်ရော။ ဒါနဲ့ ကွန်ပျူတာကို ပြန်ပိတ် အောက်ထပ်ကိုဆင်းလာပြီး ဒီကနေ့လုပ်ရမယ့် အလုပ်တွေကို နံပါတ်အစဉ်လိုက် တန်းစီိလိုက်တယ်။

မီးမလာလည်း အလုပ်ဖြစ်မဲ့ လုပ်လို့ရတဲ့အလုပ်ကို ဦးစားပေးလုပ်ဖို့ စီစဉ်လိုက်တယ်။ ပထမဦးစွာ ခေါင်းလျှော်တဲ့အလုပ် ကိုစလုပ်တယ်။ စင်္ကာပူမှာ ခေါင်းလေးတစ်ခါလျှော်ဖို့ အရေး ဈေးနှုန်းဖတ်မိပါတယ် မျက်လုံးပြူးသွားအောင်ပါပဲ။ ၄၈ဒေါ်လာတဲ့ ဆေးတွေကတော့ ဆေးကောင်းတွေသုံးပါတယ်။ မြန်မာငွေနဲ့ တွက်ကြည့်လိုက်တော့ သုံးသောင်းကျော်တယ်။ နှမြောတာနဲ့ အိမ်မှာပဲ ကိုယ့်လက်ကိုယ်အားကိုးပြီး လျှော်ခဲ့ရတဲ့ရက်တွေ။ အခုတော့ တစ်ခါလျှော် ကျပ် နှစ်ထောင်လေ လျှော်ပါလေ့ အကြိမ်ပေါင်းများစွာ ဆေးကောင်းပဲသုံးတာပါပဲ။ အသက်အရွယ်ကလည်း ရလာပြီဆိုတော့ ဆံပင်ကိုဆေးပါဆိုးလိုက်တယ်။ စင်္ကာပူမှာဆေးပါဆိုးရင် တစ်ရာတော့ကျော်မှာ သေချာသလောက်ပဲလေ။ ဒီမှာကတော့ ဆေးဆိုး ၊ခေါင်းလျှော်က အားလုံးပေါင်းမှ ကျပ် ရှစ်ထောင်ပဲ။ ဆံပင်ဆိုးထားပြီး နာရီဝက်စောင့်ရမယ့်အချိန်မှာ အွန်လိုင်းတက်လို့မရတော့ ရှိတဲ့စာအုပ်တွေ လိုက်ဖတ်တယ်။ တစ်လလောက် လွတ်သွားတဲ့ မဂ္ဂဇင်း စာစောင်တွေဖတ်တယ်။ နာရီဝက်လောက်ကြာသွားတော့ ခေါင်းသွားပြန်လျှော်တယ်။

မနေ့က လေယာဉ်နဲ့ပြန်လာတော့ မြန်မာပြည် မရောက်ခင် တစ်နာရီလောက်မှာ ရာသီဥတုက အတော်လေးဆိုးတယ် မကြာခနဆိုသလို လေယာဉ်က တော်တော်လေးခါပြီး မသိမသာ ပြုတ်ပြုတ် ကျတာကိုခံစားရတော့ အနတ္တသဘောကို သွားသတိရလိုက်တယ်။ အိမ်ကလာကြိုတဲ့ကားတောင် စီးရပါ့မလားပေါ့။ အရာရာဟာ ကိုယ်ထင်သလိုဖြစ်ချင်မှ ဖြစ်တာ မထင်မှတ်တာတွေက ဖြစ်ဖြစ်လာတတ် တာကိုး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေအုံးတော့ ဒါမျိုးက ပြောလို့တော့မရဘူးလေ။ လူတွေရဲ့ သေမည့်နေ့ သေမည့်နေရာ သေမည့်အချိန် မည်သို့သေရမည်ဆိုတာကို ဘယ်သူမှမပြောနိုင်ဘူးလေ။ ဒီလိုမျိုး အတွေ့ အကြုံတွေကလည်း ကြားဘူးနားဝကရှိသလို အသက်အရွယ် အပိုင်းအခြားအရ မြင်တွေ့နေရတာတွေ ကလည်း များပြီမဟုတ်လား။ ဒါကြောင့်လည်း ဆရာတော်တစ်ပါး ပြောသလို မိုးလင်းတာနဲ့ ကိုယ့်ကိုယ်ကို သရဏဂုံတင်ပါ။ အိပ်ခါနီးမှာ သရဏဂုံတင်ပါ။ ဆိုတာကို အမြဲနှလုံးသွင်းမိတယ်။ မိတ်ဆွေများလည်း ကြုံဖူးကြမှာပါ နေ့မြင်ညပျောက်ဆိုတာကိုပေါ့။ အကောင်းချည်းကနေ ဘဝခြားသွားသူတွေ ဒုနဲ့ဒေး။ ကိုယ့်ကိုယ်ကို မရတော့ဘူးရယ်လို့ စိတ်လျော့လိုက်ပြီးခါမှ ဝိဉာဏ်တစ်ပတ်လည်ပြီး ပြန်ကောင်းလာတာမျိုး။ ဒါတွေအားလုံးဟာ တကယ်တော့ ပိုင်ပိုင်နိုင်နိုင် ဘာမှကျိန်းသေ တွက်လို့မရတဲ့ အကြောင်းအရာတွေပါ။ 

နောက်တစ်ချက် ကျမရဲ့ထင်မြင်ယူဆချက်ပေါ့။ အကြောင်းကြောင့်အကျိုးဖြစ်မှာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ ဒါတွေကို လူတိုင်းသဘောပေါက် လက်ခံ ကြပါတယ်။ ဒါပေမယ့် ဆုတောင်းလို့ပြည့်တာ မဟုတ်ပဲ ကောင်းတာလုပ်ခဲ့တဲ့အပေါ်မှာ ကောင်းတာဖြစ်သွား တာလို့ ကျမထင်တယ်။ တနည်းဆိုရရင်တော့ ငါးပါးသီလနဲ့ ကံသုံးပါးကို လုံခြုံနေတဲ့သူတစ်ယောက်အဖို့ ကောင်းကျိုးသာ ဖြစ်မှာပါပဲ ဆိုးကျိုးဖြစ်လာနိုင်စရာမရှိဘူးလေ။ ဒီတော့ သူတောင်းတဲ့ဆုတွေက အလိုလိုနေရင်း ပြည့်လာတတ်တဲ့သဘောပေါ့။

အစကတော့ တာချီလိတ်ကနေ တာလေရွာကြီးကို ပြောင်းရွှေ့တဲ့ ပို့စ်လေးတင်မလို့ကနေ မီးပျက်သွားတာနဲ့ အနတ္တသဘောလေးဆောင်ပြီး စိတ်ထဲရှိတာလေးတွေ ပို့စ်ဖြစ်သွားပါတယ်ကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အရာရာဟာ အနတ္တ

0 comments


ကျမတို့ လောကီလူသားအားလုံး ကြုံတွေ့နေရသမျှ အရာရာဟာ အစိုးမရပါဘူး။ ဖြစ်ချင်တာကို မျှော်လင့်နေ သည့်တိုင် သူ့သဘောသူဆောင်ပြီး ဖြစ်သင့်တာကိုပဲ အတားအဆီးမရှိ ဖြစ်သွားလေ့ရှိပါတယ်။ ဘယ်သူ့ ဘယ်ဝါကိုမှရိုးမယ်ဖွဲ့ပြီးအပြစ်တင်နေလို့လည်း မရတဲ့လောကကြီးထဲမှာကျမတို့တစ်တွေ ‘ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ’ လို့သာ ခံယူပြီး ရင်ဆိုင်လာရ မှန်သမျှကို အကောင်းဆုံးဖြစ်အောင်ဆောင် ရွက်သင့်တယ် လို့ ထင်ပါတယ်။


ဒီလိုနိဒါန်းတွေ ပျိုးနေရတဲ့အကြောင်းရင်းကတော့ ကျမ ဒီကနေ့ နေ့လည် ၂နာရီကို လေယာဉ်ကွင်း ဆင်းမှာ မို့ ညက အိပ်ရာမဝင်ခင် မနက်စောစော သားအမိတွေ အိပ်ယာကနေထပြီး တစ်ခုခု ဆင်းစားကြမယ်ပေါ့။ ကျမတို့နေရတဲ့နေရာ တိုက်ခန်းကနေ ၅မိနစ်လောက် လမ်းလျှောက်လိုက်ရင် MRT နဲ့ စုံလင်လှတဲ့ စားသောက်ရုံကိုရောက်ပါတယ်။ အေးအေးဆေးဆေး အနီးပတ်ဝန်းကျင်ကို လျှောက်ကြည့်ပြီးမှပြန်လာမယ်။ ပြီးမှရေချိုးပြင်ဆင် လေယာဉ်ကွင်းဆင်းမယ်ပေါ့။ ဒါကတော့ ကြိုတင်စီစဉ်ထားတဲ့ အတွေးလေးတွေပါ။ တကယ့် လက်တွေ့ကျတော့ မနက် ၇နာရီလောက် အိပ်ယာကနိုးပါတယ်။ ကိုယ်လက်သန့်စင်ပြီးတာနဲ့ ဘုရားကို သောက်တော်ရေ သုံးတော်ရေ ရေပူရေချမ်းကပ်၊ ဘုရားပန်းလဲ အမွှေးတိုင်ပူဇော် ဘုရား ဆွမ်းတော်ကပ်။ ပြီးတာနဲ့ နေပူလာရင် အဝတ်တွေနေဓာတ်ရအောင် အထူးသဖြင့် သူတို့လေးတွေ သုံးနေတဲ့ မျက်နှာသုတ်ပုဝါတွေကို ထုတ်လှန်းပါတယ်။ကျမဒီကိုရောက်တည်းက မနက်တိုင်းလုပ်နေကျ အလုပ်တစ်ခု ပါ။ မနက် ၈နာရီခွဲတဲ့အထိ သားတို့အားလုံး အိပ်ကြတုန်းလေ။ သူတို့မှာ ဒီလိုပိတ်ရက်လေးတွေပဲ အေးအေး လူလူ နားရတာမို့ ကျမလည်း မနှိုးဖြစ်ပဲ ရတဲ့အချိန်လေးမှာ ဝါသနာအရ ဘလော့ဂ်တွေ လိုက်ဖတ်တယ်။ တစ်ချို့ပို့စ်တွေမှာ သင်ခန်းစာ ဖော်ထုတ်လို့ရသလို သံဝေဂရစရာတွေ ဗဟုသုတတွေ စုံစုံလင်လင်တွေကို ဖတ်ရှုမှတ်သားခွင့်ရပါတယ်။

၁၀နာရီလောက်မှ သားတွေနိုးလာပြီး အောက်မဆင်းဖြစ်တော့ပါ။ ကျမအတွက် လိုမယ်ထင်တာလေးတွေ သူတို့တွေလုပ်ပေးပြီး အောက်ဆင်းပြီး စားမဲ့အစီအစဉ် ပျက်သွားတဲ့အတွက် ရှိတာနဲ့ပဲ မနက်စားဖို့ရာပြင် ဆင်ကြတယ်။ အလွယ်တကူ မြန်ဆန်စားသောက်လို့ရတဲ့ ပေါင်မုန့် ကြက်ဥကြော် ကြက်အူချောင်းကြော် နဲ့ ကော်ဖီလေ။ သားတို့ပြင်ဆင်နေချိန်မှာတော့ ကျမက ဒီပို့စ်လေးကို ရေးနေတယ်။

အနတ္တဆိုတဲ့ ခေါင်းစဉ်ကိုရေးရင်း ဆက်စပ်နေတာလေးကို ရေးမိခဲ့တယ်။ သားနှစ်ယောက်စလုံး ဆေးပညာ သင်ခွင့်ရခဲ့ပေမယ့် ကျမရဲ့ ကံကြမ္မာက ဆရာဝန်တစ်ယောက်ရဲ့ မိခင်ဖြစ်ဖို့ရာ ကံဇာတာ မပါခဲ့တာမို့ သားနှစ်ယောက်စလုံး ပညာသင်နှစ်တွေမကုန်ဆုံးခင် သူတို့ရဲ့ ခံယူချက်အတိုင်းရေခြားမြေခြား တိုင်းတစ်ပါး ကို သွားရောက်ပြီး ဘဝကိုစတင်ရင်ဆိုင်ခဲ့ကြပါတယ်။ နိုင်ငံခြားမှာ ပညာသင်စရိတ် အတော်လေးမြင့်လွန်း တာမို့ ပညာတစ်ခုတည်းသာ ဦးတည်ပြီး သင်ကြားနေမယ်ဆိုရင် ကုန်ကျမှုစရိတ်အတွက် ဖြေရှင်းဖို့ရန် မလွယ်ကူလှပါဘူး။ ဒါကြောင့် အလုပ်လုပ်ရင်း ပညာကို ဆည်းပူးမယ်ဆိုပြီး ဘဝရှင်သန်ရေးအတွက် ဆုံးဖြတ်ချက်ချခဲ့တယ် ပင်ပန်းမှုမှန်သမျှကို မသိကျေးကျွံပြုကာ ကြမ်းတမ်းကောက်ကွေ့တဲ့ လမ်းတွေ ကို လျှောက်လှမ်းခဲ့ကြတယ်။

ကျမအတွက် ဒီအသက်အရွယ်အထိ ရရှိခဲ့တဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေအရ အနတ္တသဘောတရားကို ၊ကောင်းကောင်းကြီး သဘောပေါက် နားလည် လက်ခံခဲ့ပါတယ်။ တကယ်တော့ အရာရာမှာ အစိုးမရတဲ့ သဘာဝတရား၊ မမျှော်လင့်တဲ့အချိန်တွေမှာ ကျရောက်လာတဲ့ လောကဓံတရား အဲဒီလိုတရားတွေကြောင့် ကျမရဲ့ အနာဂါတ်အတွက် ရေးဆွဲထားတဲ့ စီမံကိန်းတစ်ချို့ဟာ အကောင်အထည်ဖော်မရခဲ့သည့်တိုင် ‘လိုတာမရ ရတာမလို’ တဲ့လောကကြီးထဲမှာ လက်ရှိတွေ့ကြုံနေရတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံး ၊ဖြစ်အာင် လုပ်ဆောင်ဖို့ပဲမဟုတ်ပါလား။ အားလုံးသော ဆွေမျိုး မိသင်္ဂဟတို့ ရွှင်လန်းချမ်းမြေ့ပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

မိုးပွင့်သို့

0 comments


မိုးပွင့်ရေ

၁၄ရက်နေ့က မိုးပွင့်ရဲ့ BWL နဲ့ပတ်သက်ပြီး အန်တီ့ကို စေတနာထားပြီး လမ်းလွှဲရောက်မှာစိုးတဲ့ အတွက် ဝေဖန် သုံးသပ် ပြောဆိုခဲ့တာကို C box မှာဖတ်ခဲ့ရပြီး ကျေးဇူးတင်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။ ဒီအကြောင်းကိစ္စလေးကို အဲဒီမှာတင် ပြီးသွားပြီလို့ အန်တီထင်ခဲ့ပေမယ့် C box မှာထပ်ပြီး ဘယ်သူ ဘယ်ဝါ ဆိုတာ ဖော်ပြခြင်းမရှိပဲ ဝေဖန်ပြောဆိုတဲ့စာသားအစား တစ်ဖက်သားကို ချိုးနှိမ်လာတာမျိုးကို ဖတ်ရတဲ့ အခါမှာ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို စာဖတ်သူတို့ တစ်မျိုးတစ်မည်ထင်သွားမှာကို မလိုလားတဲ့အတွက် မိတ်ဆွေ သူငယ်ချင်းများနဲ့ တိုင်ပင်တယ်။ အဲ့ဒီစာသားကို ဖျက်တဲ့အခါမှာ BWL အကြောင်းအရာတွေနဲ့ ဆက်နွယ်နေတဲ့ မိုးပွင့်ရဲ့စာသားကိုပါ ဖျက်လိုက်မိတဲ့အတွက် စေတနာကို စော်ကားသလိုဖြစ်သွားတယ် ဆိုရင်တော့တောင်းပန်ပါတယ်ကွယ်။ လူဆိုတာ ကိုယ့်ရဲ့ နားရွက်မှာ စွန်းထင်းနေတဲ့ အစွန်းအထင်းကို ကိုယ်မမြင်ဘူးလေ တစ်ခြားသူကသာ မြင်ရတာမဟုတ်လား ဒါကြောင့် အန်တီပြုမူလိုက်တာမှားသွားကောင်း မှားသွားလိမ့်မယ်။ အန်တီရဲ့ ဘလော့ဂ်တစ်ခုအဖြစ် ဆောက်တည်ခဲ့ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့-

- ကိုယ့်ဘဝရဲ့ အမှန်တကယ်ဖြစ်ရပ်မှန် အတွေ့အကြုံလေးတွေ မှတ်တမ်းတင်ဖို့အတွက်
- စာဖတ်တာကို ဝါသနာပါလို့ ဘလော့ဂ်တွေလိုက်ဖတ်ရာကနေ စာရေးသူများကို အားကျတဲ့အတွက် ကိုယ်တိုင် စာရေးချင်တဲ့ စိတ်ဆန္ဒအတွက်
- အထူးသဖြင့် ဘလော့ဂ်ဂါများနဲ့ စာဖတ်မိတ်ဆွေတို့ကို စေတနာသန့်သန့်နဲ့ ကိုယ်သိသလောက်ကို မျှဝေဖတ်စေခြင်တဲ့အတွက်

ဘယ်သူတစ်ဦး တစ်ယောက်အပေါ်မှ ကံသုံးပါးနဲ့ပြစ်မှားခြင်းမရှိပဲ ပို့စ်တွေတင်ခဲ့တာပါ။ BWLနဲ့ပတ် သက်ပြီးလဲ စိတ်ဝင်စားသူများကို သိစေချင်တဲ့ သဘောသက်သက်သာ မျှဝေပေးခြင်းဖြစ်ပါတယ်။

မေတ္တာဖြင့်
အန်တီတင့်

ဝိတိုရိယတောင် အမှတ်တရ

0 comments

၁၅ရက်နေ့က ပုလဲရတု ဆရာကန်တော့ပွဲ ဒီဇင်ဘာလမှာ ကျင်းပဖို့အတွက် အီးစီအဖွဲ့ အစည်းအဝေး လုပ်ကြတယ်။ အသက်တွေ ကြီးလာပေမဲ့လည်း သူငယ်ချင်းတွေနဲ့ပြန်တွေ့တဲ့အခါတိုင်း အသက်ပြန်ငယ်
သွားသလိုပါပဲ။ ကျမရဲ့ အမှတ်တရလေးများ ဘလော့မှာကျောင်းနေ စဉ်ကာလ က ခြေလျင်တောင် တက် အသင်း လှုပ်ရှားမှုလေးကိုမှတ်တမ်းအဖြစ် တင်လိုတဲ့စိတ်ပေါ်လာပါတယ် ရပ်ဝေးရောက်သူငယ်ချင်းများ လည်း ဖတ်စေချင်တဲ့ရည်ရွယ်ချက်လေးပါတာပေါ့နော်။

မှတ်မှတ်ရရ အဲဒီနေ့လေးတစ်နေ့ ကျမတို့ အင်ဂျင်နီယာကျောင်းသူ ကျောင်းသားများအဖွဲ့ ချင်းပြည်နယ်ရှိ မင်းတပ်မြို့ကနေ ပေပေါင်း (၁၀၀၁၈)ပေ မြင့်တဲ့ ဗစ်တိုးရီးယားတောင်ထိပ်ကို တက်ဖို့ရာ အားလုံးပျော်ရွှင် .မြူးတူးနေခဲ့ကြတယ် အင်ဂျင်နီယာများ ခြေလျင်တောင်တက်အသင်း ဥက္ကဌမှ တောင်တက်ရာတွင် အစစ အရာရာ အဆင်ပြေနိုင်စေရန် ရည်ရွယ်ပြီး အဖွဲ့ခေါင်းဆောင်များ ရွေးထုတ်ကာ အုပ်စု ဖွဲ့ပေးပါတယ်။ တကယ်တော့ ကိုယ့်အုပ်စုနဲ့ကိုယ် ဆိုပေမဲ့လည်း ကျမတို့ အင်ဂျင်နီယာကျောင်းသူကျောင်းသားများအား လုံးဟာ တူညီတဲ့စိတ်ဓာတ် တပြေးညီရှိကြတဲ့အတွက် တစ်ဦးတစ်ယောက်မှာ အခက်အခဲပေါ်ပေါက်လာ တိုင်း ဝိုင်းဝန်းဖြေရှင်းပေးတတ်တဲ့ ချစ်စရာကောင်းသော စိတ်ဓာတ်ကိုယ်စီကို ပိုင်ဆိုင်ထားကြသူများဖြစ် ပါတယ်။
မင်းတပ်မြို့မှာနေစဉ် သူငယ်ချင်းများနဲ့ ဈေးဝယ်ထွက်စဉ်အမှတ်တရ
ကျမတို့အဖွဲ့နဲ့ ဆရာမ မင်းတပ်မြို့မှာနေစဉ် အမှတ်တရ
တောင်ထိပ်မရောက်ခင် ကျမတို့အုပ်စုဟာ ရှည်လျားတဲ့ မီးခိုးတန်းကြီးကို ဖြတ်ကျော်ရပါတယ် ။ ကျမလည်း အသက်ရှူကြပ်လာပြီး လူကရှေ့ဆက်ဖို့ရာ ဒုက္ခရောက်နေချိန်မှာ သူငယ်ချင်းနှစ်ယောက်ရဲ့ ကူညီဖေးမမှုကြောင့် အခက်အခဲကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို မှတ်တမ်းကျန်စေဖို့ ရအောင်ဓာတ်ပုံရိုက်ပေးခဲ့တဲ့ သူငယ်ချင်းကိုလဲ ကျေးဇူးတင်နေပါတယ်။

ညရောက်တော့လဲ ရာသီဥတုကအေး တောကနက်ဆိုတော့ ချမ်းကလည်းချမ်း သားကောင်လာမှာလည်း ကြောက်ကြတာကြောင့် အဖွဲ့လိုက် မီးပုံများလုပ်ပြီး အလှည့်ကျအိပ်ကြပါတယ်။ ကျားရှိတယ်လို့လည်း ရွာသားတွေကပြောလိုက်တာကိုး။
 ဒီလိုနဲ့ပဲ တောင်ထိပ်ကိုရောက်တဲ့အခါမှာ အုပ်စုလိုက် မှတ်တမ်းဓာတ်ပုံတွေရိုက်ကြတယ်။ တောင်ထိပ်မှာ အလံစိုက်တယ်။ အင်ဂျင်နီယာ ခြေလျင်တောင်တက်အဖွဲ့တစ်ဖွဲ့လုံး စုပြီးအမှတ်တရ ဓာတ်ပုံများရိုက်ကြတယ်။ တောင်ထိပ်ကဘုရားလေးမှာလည်း အမှတ်တရ ကမ္ဗည်းတွေထိုးခဲ့ကြတယ်။

ဝိတိုရိယတောင် အမှတ်တရလေးကို ကျမရဲ့မှတ်တမ်းလေးအဖြစ် ခြေရာထားခဲ့လိုခြင်းဖြစ်တဲ့အတွက် ဒီဘလော့မှာ ပို့စ်တစ်ခုအဖြစ် တင်ခဲ့ပါတယ်။

မေတ္တာဖြင့်
အန်တီတင့်
Related Posts Plugin for WordPress, Blogger...