Loading...
Gadget by w2pro

ကြိုက်၏ မကြိုက်၏ (တက်ဂ်ပို့စ်) မောင်(စွယ်စုံကျမ်း)


                                        ဗုဒ္ဓရုပ်ပွားတော်တွေပင့်ပြီး ပူဇော်တာကို နှစ်သက်တယ်
မနေ့တစ်နေ့ကမှ ဘလော့ဂ်ဂါလောကကို ကျမရောက်ခဲ့ပေမယ့် နေ့စဉ်နဲ့အမျှ ကျမဘလော့ဂ်ကို လာရောက် ဖတ်ရှုတဲ့ စာဖတ်မိတ်ဆွေများရဲ့ အားပေးမှုဟာ ကျမအတွက်ဘလော့ဂ်ဂါဘဝကို တည်တံ့စေမယ့်အားဆေး လေးတွေပါ။ ကျမရဲ့ ဘဝအတွေ့အကြုံမှတ်တမ်းလေးတွေအဖြစ် ပို့စ်တွေတင်ရင်း ရခဲ့ရတဲ့ အကောင်းဆုံး ရလဒ်ကတော့ စာပေမိတ်ဆွေ တိုးပွားလာသလို ရသ သုတ တရားဓမ္မ ကဏ္ဍမကျန် ဘဝအလင်းရောင် ရရှိ ခဲ့ခြင်းပါ။

အဖြူရောင်နတ်သမီးရဲ့ တက်ဂ်ပို့စ်ကနေစပြီး ကျမတက်ဂ်ပို့စ်တွေကို ဖတ်လာရင်းကနေ တဂ်ပို့စ်ရဲ့ သဘော ကို နားလည်လာစမှာ ကျေးဇူးရှင်လေး မောင်(စွယ်စုံကျမ်း) ရဲ့ ကောင်းမှုကြောင့် အန်တီတင့်တစ်ယောက် စာ ဖတ်မိတ်ဆွေတို့ကို ကိုယ့်ကိုယ်ကို မိတ်ဆက်ရတော့မှာပေါ့နော်။ မိတ်ဆက်ခွင့်ရတဲ့အတွက် ကျေးဇူးပါနော်။ ဘလော့ဂ်မှာ ကျမအကြောင်းနဲ့ပတ်သက်ပြီး ငယ်စဉ်ကစလို့ လက်ရှိအခြေအနေအထိ ဘဝအတွေ့အကြုံများ အဖြစ် ရေးနိုင်သလောက်တော့ ရေးတင်ခဲ့ပြီးပါပြီ။ နောင်တစ်ချိန်ချိန်အတွက် မှတ်တမ်းလေးအဖြစ် ခြေရာ ချန်ပြီး ထားခဲ့ချင်တဲ့ ကျမရဲ့ ဆန္ဒပါ။

ကျမ ရန်ကုန်စက်မှုတက္ကသိုလ်တက်စဉ်က ဖရက်ရှ်ရှာဘဝနဲ့ သုံးနှစ်နေခဲ့ရပါတယ်။ အကြောင်းရင်းကတော့ ဒေသကောလိပ်တွေပေါ်လာတာကြောင့် ကျမတို့ကျောင်းတော်ကြီးကို ဖရက်ရှ်ရှာတွေ နှစ်နှစ်တိတိရောက် မလာခဲ့ပါဘူး။ ဒီတော့ ဖရက်ရှ်ရှာလေးတွေ ရောက်မလာတာကြောင့် စီနီယာအစ်ကိုကြီးတွေကလည်း ကျမ တို့တစ်တွေကို ဖရက်ရှ်ရှာအဖြစ် သုံးနှစ်ဆက်တိုက် သတ်မှတ်ခဲ့ကြပါတယ်။ ကျမတို့ တက္ကသိုလ်တက်စဉ်က ကျောင်းသား ကျောင်းသူ အများစုဟာ အရပ်မြင့်ပြီး ကိုယ်လုံးကိုယ်ထည် ထွားကြိုင်းသူ များကြပါတယ်။ ကျမ တက္ကသိုလ်ကို ခြေလှမ်းစလှမ်းတာနဲ့ ဖေဖေ့ရဲ့ အမှာစကားလေးကို သွားသတိရမိတယ် “သားတို့ သမီးတို့ ကိုယ့်ရဲ့အဆင့်အတန်းနဲ့ တူတဲ့သူကို ရွေးချယ်ခြင်ရင် ကိုယ့်ရဲ့လက်ရှိ အခြေအနေကို ပြန်သုံးသပ်ပြီး ဆုံးဖြတ် ပေါ့” တဲ့။ “ဆယ်တန်းမှာ ရွေးရင် ဆယ်တန်းကျောင်းသားပဲရမယ် တက္ကသိုလ်မှာရွေးရင် တက္ကသိုလ် ကျောင်း သားရမယ်။ အလုပ်ထဲမှာရွေးဖို့ဆိုတာကိုတော့ အတတ်နိုင်ဆုံး မစဉ်းစားနဲ့ပေါ့” တဲ့။ “ကိုယ့်ရဲ့အိမ်ထောင် ဖက်ကို တက္ကသိုလ်မှာရွေးချယ်တာဟာ အနာဂါတ်လျှောက်လှမ်းရမည့် ဘဝခရီးအတွက် အမှန်ကန်ဆုံး လက် တွဲဖော်ပဲ” လို့ပြောဘူးတယ်။ ထိုစဉ်ကတော့ ဖေဖေပြောတဲ့ အဓိပ္ပာယ်ကို နက်နက်နဲနဲ စဉ်းစားတွေးခေါ်တာ မျိုးမရှိသည့်တိုင် ဖခင်ချစ်တဲ့သမီးမို့ ဖခင်ပြောရင်ပြောတဲ့အတိုင်း လုပ်တာကြောင့် တက္ကသိုလ်တက်ရင်း အနာဂါတ်အတွက် လက်တွဲဖော်ကို ကျမစတင်လို့ ရွေးချယ်ခဲ့ပါတယ်။ ကျမအရပ် ၅ပေ၆လက္မ ကျောင်းမှာ အရပ်ရှည်တဲ့ စီနီယာအစ်ကိုကြီးတွေတော့ ရှိပါရဲ့။ ကိုယ့်ကို သဘောကျအုံးမှလေ။ ကိုယ့်ကိုသဘောကျတဲ့ သူကျပြန်တော့ ကိုယ့်ထက်အရပ်ပုနေတာမို့ မကြိုက်ပြန်ဘူး။ အရပ်တော့ရှည်ပါရဲ့ ရုပ်ဆိုးနေပြန်ရင်လည်း မကြိုက်ပြန်ဘူး။ စက်မှုတက္ကသိုလ်မှာ စာသင်နေတဲ့ အတန်းတူသူငယ်ချင်းတွေ ကျပြန်တော့ပြောမနာဆိုမနာ တွေမို့ ချစ်သူရည်းစားအဖြစ်ခံစားလို့မရပြန်။ ဒီလိုနဲ့ ရက်၊ လတွေအလီလီ ညောင်းလို့ နှစ်တွေလည်း ပြောင်း ခဲ့ပြီ။ ပထမနှစ် ဒုတိယနှစ် ၂-နှစ်သာကုန်သွားတယ် လက်တွဲဖော်က မရ သေး။ မလျှော့သော ဇွဲကို အရင်း တည်ပြီး ရှာပုံတော်ဖွင့်ရင်း နောက်ဆုံးတော့ ကျမတတိယနှစ် ချည်မျှင်နှင့် အထည် အင်ဂျင်နီယာတန်းမှာ ကျမနဲ့ ဌာနတူပြီး တစ်တန်းကြီးတဲ့ အသားဖြူဖြူ ရုပ်ဖြောင့်ဖြောင့် အရပ် ၅ပေ၈လက္မ စီနီယာ အစ်ကိုကြီး တစ်ယောက်နဲ့ ရေစက်ပါလာခဲ့တယ်။

သူကလည်း ချည်မျှင်နှင့်အထည် အင်ဂျင်နီယာဌာန အသင်းမှာ အတွင်းရေးမှူးတာဝန် ၊ ကျမကတော့ တွဲဖက် အတွင်းရေးမှူးတာဝန် ယူရတယ်။ ဥက္ကဌတာဝန်ကတော့ ချည်မျှင်နှင့်အထည်ဌာနမှူးက တာဝန်ယူထားပါ တယ်။ ဌာနရဲ့ ရန်ပုံငွေကို ရှာဖွေပေးတဲ့အဖွဲ့တစ်ဖွဲ့ပါ။ ထိုစဉ်အခါက ကျမတို့ကျောင်းမှာ ဌာနပေါင်းစုံပြုလုပ် တဲ့ ရန်ပုံငွေရှာတဲ့ (fund fair) ပွဲလေးတွေ လုပ်လေ့လုပ်ထရှိတယ်။ အဲဒီလိုပွဲလေးတွေရောက်ရင် ကိုယ့်ဌာနရဲ့ ရန်ပုံငွေကိုတိုးအောင် ကျောင်းသားတိုင်း ဝိုင်းဝန်းလုပ်ဆောင်ကြရတာ ပျော်စရာအလွန်ကောင်းပါတယ်။ ကျမက အမြဲတန်း တက်တက်ကြွကြွနေတတ်သလို ဘယ်အဖွဲ့အစည်းမဆိုဝင်ပါတတ်ပါတယ်။ားကစား ဖက်မှာတော့ ရေကူး ကြက်တောင်ရိုက် ဘော်လီဘော ခြေလျင်တောင်တက်ဆိုလည်း မလွတ်ပြန်။ ဒီကြားထဲ စက်မှုတက္ကသိုလ်ကျောင်းရဲ့ ကျောင်းကပွဲတွေမှာလည်း စတိတ်ပေါ်တက်ပြီး သီချင်းက ဆိုသေး။ မြိုင်ထ နှစ်ပါးသွားအကမှာ မင်းသားအဖြစ် ဝင်ကပြန်တယ်။ အဲဒီလို နေရာတကာ စပ်စပ် စပ်စပ်ပါတဲ့ ကျမကို စီနီယာ အစ်ကိုကြီးက နည်းနည်းမှကြည့်လို့မရပါဘူး။ စိတ်ဝင်စားမှုဆိုတာတော့ဝေးပေါ့း)။ ကျမတို့ဌာနမှာရှိတဲ့ တခြားစီနီယာအစ်ကိုကြီးတွေကတော့ ကျမကို ခင်ခင်မင်မင် ရင်းရင်းနှီးနှီးနဲ့ လိုအပ်တဲ့ အကူအညီလေးတွေ ပေးပါတယ်။ ကျမရဲ့ ဖူးစာရှင်ကြီးကတော့ အိုက်တင်ကြီး တစ်ခွဲသားနဲ့ မျက်နှာကလည်း ခပ်တည်တည် လူကို လည်း အဖက်မလုပ် ဒီတော့ ကျမအတွက် မြှားဦးက သူ့ဖက်ကို တည့်တည့်မတ်မတ် လှည့်သွားခဲ့တာပေါ့။

ကျမရဲ့အနေအထိုင် အပြောအဆို က ယောက်ျားလေးဆန်ပါတယ်။ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ပျော့ပျော့ ပျောင်းပျောင်း မရှိသလောက်ပါ။ ဒါပေမယ့် ကြီးသူကို ရိုသေ ရွယ်တူကို လေးစား ငယ်သူကို သနားဆိုတဲ့ ဆောင်ပုဒ်ကိုတော့ လက်ကိုင်ထားခဲ့သူ တစ်ယောက်ပါ။ ချည်မျှင်နှင့်အထည်ဌာနမှာ မိန်းကလေး နှစ်ဦးပဲရှိပါ တယ်။ ကျန်သူငယ်ချင်းက အရပ် ၅ပေ၈လက္မမို့ ကျမအတွက် တွဲသွားတွဲလာ လုပ်ရတာ အဆင်ပြေပါတယ်။ သူကအတော်လေးအေးချမ်းပြီး တစ်နေ့နေလို့ စကားတစ်ခွန်း ပြောခဲတဲ့ သူငယ်ချင်းပါ။ မကျေနပ်တာရှိရင် တော့ ဒိုးဒိုးဒေါက်ဒေါက် ပြောချတတ်တာမို့ ကျမအလွန်သဘောကျပါတယ်။ ကျမ စိတ်မကောက်တတ်သလို စိတ်ကောက်တတ်သူကိုလည်း မချော့တတ်ပါဘူး။ ကျမကို အပြစ်ရှိလိုဆူရင်လည်း တည့်တည့်မတ်မတ် အပြစ်ကိုထောက်ပြပြီး ဆူလိုက်တာမျိုးကို သဘောကျပြီး နားပူတဲ့အထိ ပြောနေတာကို မကြိုက်ပါဘူး။ ကိုယ် တိုင်လည်း ဘယ်သူ့ကိုဖြစ်စေ ပြောစရာရှိရင် လိုရင်းနဲ့တိုတိုပဲ ပြောလေ့ရှိပါတယ်။ ကျမဖေဖေ ဆုံးမစကား ပြောရင်လည်း အများဆုံး ၁၀မိနစ်ပါပဲ။ တစ်ခါတစ်ရံ ၅မိနစ်တောင်မရှိပါဘူး။ ကျမဖေဖေ့ရဲ့ နည်းလမ်းတွေကို အလွန်နှစ်သက်ပါတယ်။

စက်မှုတက္ကသိုလ်ရောက် မိန်းကလေးအတော်များများဟာ သိမ်မွေ့နူးညံ့တဲ့သူ ရှားပါတယ်။ စာသင်ချိန် တစ် ချိန်နဲ့တစ်ချိန်အကူးမှာ ပင်မသုံးထပ်ဆောင်ကြီးကနေ ခြေလှမ်းပေါင်း ၅၀၀ကျော်လောက်ရှိတဲ့ အဆောက် အဦးဆီကို ၅မိနစ်အတွင်း အရောက်ပြေးလွှားသွားရတာမို့ တစ်လှမ်းချင်းသာလျှောက်နေလို့ အဆင်မပြေပါ ဘူး။ တစ်ခါတစ်ရံ Drawing ဆွဲရတဲ့နေ့မျိုးဆိုရင် လက်ထဲမှာ T တုတ်တွေကပါသေး။ ဘယ်လိုပဲဖြတ်သန်းခဲ့ရ ပေမယ့် ကျမဘဝမှာ အပျော်ဆုံးသော နေ့ရက်များပါ။ နေ့လည် ထမင်းစားချိန်ဆိုရင် အဆောင်ကထည့်လာ တဲ့ထမင်းချိုင့်ကို Canteen ယူသွားပြီး အသုတ်တစ်ခုခုနဲ့ စားလေ့ရှိပါတယ်။ ကျမနဲ့တွဲတဲ့ သူငယ်ချင်းက နေ့ ကျောင်းသူဖြစ်တာမို့ ကျမအတွက် အမြဲလိုလိုဟင်းအပိုထည့်ခဲ့ပေးပါတယ်။ အစားအသောက် မှာဂျီးမများပါ ဘူး ကျောင်းသားဘဝမှာ အသားစုံစားခဲ့ပေမယ့် အခုအချိန်မှာတော့ ဝက်နဲ့အမဲကို ကျန်းမာရေးအရ ရှောင်ပါ တယ်။ မက်မက်စက်စက် နှစ်သက်တဲ့အစာရယ်လို့တော့ မရှိပါဘူး။ ငယ်ငယ်ကအမြဲလိုလို ဆီပြန်စားတတ် ပေမယ့် အသက်ရလာတဲ့အခါမှာတော့ ကျန်းမာရေးအသိပညာပေးတွေကြောင့် မိသားတစ်စုလုံးကို အဆီ လျှော့ပြီး စားစေပါတယ်။ နေ့စဉ် ဝါ စိမ်း နီ ပြာ အရောင်စုံပါတဲ့ အဟာရဓာတ် စုံလင်အောင် ချက်တတ်ပါ တယ်။ သူငယ်ချင်းတွေကဖြစ်စေ သားတွေကဖြစ်စေ ရေခဲမုန့်ဝယ်လာကျွေးရင် စားပါတယ်။ သရက်သီး လဘက်သုတ်တို့နဲ့လည်း ထမင်းတစ်နပ်စာ လုံလောက်တတ်ပါတယ်။ ဟင်းအများကြီးနဲ့ စားရတဲ့ပွဲတွေမှာ လည်း ဟင်းစုံမစားဖြစ်တာများပါတယ်။ မောင်နှမများတာရယ် မေမေက ငယ်စဉ်ကပင် အကျင့်ကောင်းလေး တွေပေးထားတာမို့ အစားအသောက်မှာ ဂျီးမများတတ်ခဲ့ပါဘူး။ ထမင်းမစားဖြစ်တဲ့ရက်များမှာ သရေစာစား ပြီး တင်းတိမ်သွားတဲ့အခါမျိုးလည်း ရှိပါတယ်။

ကျမငယ်စဉ်အရွယ် မူလတန်း အလယ်တန်း အထက်တန်း ကာလမှာ အများအားဖြင့် ကျန်စစ်သားအသင်း (အဝါရောင်) မှာနေရတာများသလို ကျမကိုယ်တိုင် အရောင် နဲ့ပတ်သက်ပြီး အဝါရောင်ကို အလွန်နှစ်သက် ပါတယ်။ တက္ကသိုလ်တက်နေစဉ် အချိန်အထိ ကျမ အဝါရောင်ကို နှစ်သက်ဆဲပါ။ သို့သော် အချိန်အခါ အသက်အရွယ်ပေါ်မူတည်ပြီး တဖြည်းဖြည်းပြောင်းလဲတတ်တဲ့သဘောထင်ပါရဲ့ အခုအသက်အရွယ်မှာ ကျမလိမ္မော်ရောင်ကို နှစ်သက်သလို ကျမရဲ့ အဝတ်အထည်အတော်များများဟာ လိမ္မော်ရောင်များပါတယ်။ သို့ပေမယ့်လည်း မနှစ်သက်တဲ့အရောင်ရယ်လို့တော့ မရှိပါဘူး။ ဘာအရောင်ဖြစ်ဖြစ် ဝတ်လိုက်တာပါပဲ။ နုနု ရင့်ရင့်လည်း ဝတ်တတ်ပါတယ်။ ကျမ အထက်တန်းပညာပြီးဆုံးသွားလို့ အ.ထ.က (၃) ဒဂုံ ကျောင်းနှုတ်ဆက် ပွဲဖြစ်တဲ့ ကျောင်းကပွဲမှာ ‘အဝါရောင်ခြယ်မယ် ပြဇာတ်’ မှာ ယောက်ျားလေးအဖြစ် သရုပ်ဆောင်ကခဲ့ဘူးပါ တယ်။ အင်္ကျီ ပုဆိုး တိုက်ပုံ အဝါရောင် ဝတ်စားဆင်ယင်ပြီး ကခဲ့တာကို ယနေ့တိုင် မှတ်မိနေဆဲပါ။

ကျမရဲ့ဝါသနာ ကတော့ ခပ်များများပါ။ ဗုဒ္ဓရုပ်ပွားတော်များ ဓာတ်တော်များ ပူဇော်တာကို နှစ်သက်ပါတယ်။ ကျမဖြစ် စေ ကျမအမျိုးသားဖြစ်စေ ဘယ်နိုင်ငံရောက်ရောက် ကိုယ်ရောက်ခဲ့တဲ့ နိုင်ငံရဲ့ ဗုဒ္ဓရုပ်ပွားတော်ကို ရအောင် ပင့်ဆောင်ခဲ့ပါတယ်။ ကျမရဲ့ ဘုရားခန်းမှာ ဗုဒ္ဓရုပ်ပွားတော် စုစုပေါင်း  ၅၂-ဆူ ရှိပါတယ်။ ကျမ ရဲ့ ရင်းနှီး ခင်မင်ပြီး အကြောင်းသိနေတဲ့ သူငယ်ချင်းတွေက လက်ဆောင်ပေးရင် ဗုဒ္ဓရုပ်ပွားတော်ပဲ ပေးတတ် ကြပါတယ်။ မက္ကာအိုကို ရောက်စဉ်ကတော့ ပူဇော်ဖို့ရာ ဘယ်လိုမှ ရှာမရခဲ့တာမို့ ပင့်ဆောင်ခြင်း မလုပ်ခဲ့ရ ပါဘူး နောက် ထပ် ဝါသနာတစ်ခုက အစားအသောက်နဲ့ပတ်သက်ရင် စမ်းသပ်ချက်ပြုတ် တတ်သလို မုန့် တစ်ခုခုကို တစ် နေရာရာမှာ စားလာပြီး နှစ်သက်ပြီဆိုရင် အားတဲ့အချိန်မှာ စမ်းသပ်လုပ်ကြည့်ပါတယ်။ မုန့်လုပ်ပြီးရင် အနီး အနားက အမျိုးတွေကို ဝေပေးတတ်တဲ့ ဝါသနာထုံပါတယ်။ ကျမအိမ်ရဲ့ အနီးအနားမှာ ညီမအိမ်၊ ဝမ်းကွဲညီမ အိမ်၊ အဒေါ်အငယ်အိမ်၊ အဒေါ်အလတ်အိမ်တို့ရှိပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၃ကြိမ်လောက် တစ်အိမ် အိမ်မှာဆုံတတ်ကြပါတယ်။ နောက်ဆုံးဘာမုန့်မှ လုပ်မစားဖြစ်ရင် လဘက်သုတ်ပြီး ထမင်းဖြူနဲ့ စားတတ် ကြပါတယ်။ ကျန်အားလပ်ချိန်မှာတော့ အပြင်ထွက်တိုင်း စာအုပ်တစ်မျိုးမျိုး ဝယ်လာပြီး ကျမ ဖတ်တတ်ပေ မယ့် အခုဘလော့ဂ်ဂါ မိတ်ဆွေများရဲ့ ကျေးဇူးကြောင့် စာအုပ်နဲ့ပတ်သက်ပြီး ငွေကုန်ခမ်း မှုရပ်တန့်သွားတာ ၃လရှိပါပြီ။ လက်ရှိအခြေအနေမှာ အစားအသောက်ဘက်မှာ နည်းနည်းအချိန်ကို လျှော့ ထားပြီး အင်တာနက် သုံးတဲ့ဖက်ကို ပိုအလေးသာပေးထားလာပါတယ်။ 

                              လမ်းမှာတွေ့ရင်နှုတ်ဆက်နော် (မသိချင်ယောင်ဆောင်နေမယ်း))

မောင်(စွယ်စုံကျမ်း) ရေ ဒီလောက်ဆိုရင် ကျေနပ်ပြီမဟုတ်လားကွယ်။ လာရောက်အားပေးကြတဲ့ စာဖတ် မိတ်ဆွေများအားလုံး စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခပြည့်ဝကြပါစေလို့ တောင်းဆုချွေပြီး မေတ္တာပို့သလိုက်ပါတယ်နော်။

မေတ္တာဖြင့်
အန်တီတင့်

Print this post

Comments

Mon Petit Avatar said...

It is a very beautiful post and thank you so much for the photo. Please take care Aunty Tint!

December Mgmg said...

အန်တီတင့် ရေ... အဒေါ်ရဲ့ အကြောင်းကို သိရပြီပေါ့ဗျာ ။ အဒေါ်ထာဝစဉ်အေးချမ်းပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်ဗျာ ။

KMC@ချင်းလေး said...

(ဒီတော့ကျမအတွက်မြှားဥိးကသူ့ဖက်ကိုတည့်တည့်ကြီးလှည့်သွားခဲ့တာပေါ့) ဆိုပြီးရပ်လိုက်တော့ နင်ပါနင်သွားမိတယ်ဗျာ..ဟီဟိ. ကန်တော့ပါအန်တီရေ...ပျော်တတ်လို့စလိုက်တာပါ။ လေးစားလျက်(ချင်းလေး)

မေသိမ့်သိမ့် ကျော် said...

အန်တီက အင်ဂျင်နီယာကိုးးးး။ အန်တီ့စိတ်ထားလေးတွေကို မှန်းဆမိပါတယ်။ ငယ်တုန်းကတော်တော် ချောမယ်လို့ ထင်မိပါတယ်။ အန်တီ့အသက်ကိုတော့ မခန့်မှန်းတတ်ပေမယ့် သမီးမိဘတွေနဲ့ ရွယ်တူလောက်လို့ထင်မိပါတယ်။ သမီး ချစ်ရမယ့် အန်တီတစ်ယောက်တော့ ရပြီ။ ဟေးဟေး
(လာချွဲသွားတယ်နော်။)


ခင်မင်လေးစားလျက်

Iora said...

မကြီး..
ကျမရဲ့ မမနဲ့ တော်တော်တူလို့ မကြီးလို့ ခေါ်လိုက်ပါတယ်။ လိမ္မော်ရောင် ၀တ်စုံလေးကျက်သရေရှိရှိ ၀တ်တာလည်း ကျမ မမနဲ့ တော်တော်တူပါတယ်။ ကျမရောကျမရဲ့ မမရော အဲလို ပြောင်နဲ့ အဆင်နဲ့ တွဲဝတ်တာကို သိပ်သဘောကျကြပါတယ်။
စကတည်းက မှန်မှန်မဟုတ်ပေမဲ့ အချိန်ရတိုင်း ဖတ်ဖြစ်ခဲ့လို့ အများစုကဖတ်ပြီးသားပါ။ အသံတိတ်အားပေးနေပါတယ်ရှင်။
အိုင်အိုရာ

Post a Comment

Related Posts Plugin for WordPress, Blogger...