Loading...
Gadget by w2pro

လွယ်ကူ မြန်ဆန် အရသာရှိတဲ့ ပဲန်ကိတ်


ငယ်ရွယ်စဉ်အချိန်မှာ ကျမတို့ မောင်နှမတွေကများတော့ မေမေက မုန့်တစ်ချို့ကို အိမ်မှာပဲ လုပ်ကျွေးတတ် ပါတယ်။ အပြင်ကနေ မဝယ်မဖြစ်တဲ့ ဟင်းစားနဲ့ ကော်ဖီချိန်စားဖို့ မုန့်ကလွဲရင်၊ ညနေစာ လဘက်ရည်ချိန်ဆို ရင် မုန့်တစ်မျိုးမျိုးဖြစ်စေ အသုတ်တစ်ခုခုဖြစ်စေ အိမ်မှာလုပ်ကျွေးလေ့ရှိပါတယ်။ မေမေလုပ်ကျွေးတဲ့ မုန့်ကို လည်း မေမေခေါ်တဲ့ နာမည်အတိုင်း ကျမတို့ကခေါ်ကြတယ်။ မိဘနဲ့နေစဉ်ကာလက မေမေလုပ်ကျွေးတဲ့မုန့် မှန်သမျှရယ် အထက်တန်းကျောင်း တက်တဲ့အချိန်ကို ရောက်လာတဲ့အခါမှာတော့ ဖွားဖွား ဒေါ်ဒေါ်တို့နဲ့နေ ရတာမို့ ဖွားဖွား ချက်ကျွေးသမျှ ဟင်းအမျိုးမျိုး လုပ်ကျွေးသမျှ မုန့်အမျိုးမျိုးမှန်သမျှကို ကျမကိုယ်တိုင် မေ့မ သွားအောင် အချိန်ရရင် ရသလို လုပ်စားလေ့ရှိသလို ကျမရဲ့သားတွေ အရွယ်ရောက်လာတဲ့အထိ ကျမငယ် စဉ်က စားဘူးခဲ့တဲ့မုန့်မျိုးကို ကြုံရင် ကြုံသလို ယနေ့အထိ လုပ်ကျွေးနေဆဲပါ။
အခုသားတွေ ရန်ကုန်ကိုရောက်နေတုန်း ကျမခေါင်းထဲဝင်လာတာက တစ်ချက်ခုတ်နှစ်ချက်ပြတ် အနေနဲ့ မနက်ကော်ဖီချိန်မှာ သားတော်မောင်တို့နဲ့ အခုစာဖတ်သူများကို ပဲန်ကိတ် လုပ်ကျွေးလိုစိတ်ပါပဲ။ ပဲန်ကိတ်က လုပ်ရတာ လွယ်ကူသလို အချိန်လည်း သက်သာတာမို့ စမ်းသပ်လုပ်ပြီး စားဖြစ်အောင်စားကြနော်။ အလုပ် ပင်ပန်းနေတဲ့အခါဖြစ်စေ ကျောင်းစာတွေကြောင့် စိတ်ဖိစီးမှုများနေတဲ့အခါမှာ ကုတင်ပေါ်လှဲနေရင် တောင် တွေး မြောက်တွေးနဲ့ စိတ်ပိုလေးစရာ ဖြစ်သလို စိတ်ထွေပြားမှုတွေလည်း ပိုမိုများလာနိုင်တဲ့အတွက် ပဲန်ကိတ် လုပ်စားလိုက်မယ်ဆိုရင် အာရုံတွေပြောင်းသွားပြီး စိတ်ကြည်နူးမှုကိုလည်းရ အဆာလည်း ပြေသွားမှာအသေ အချာပါပဲ။

ပါဝင်တဲ့ပစ္စည်းတွေကတော့ ဂျုံမှုန့်၊ ကြက်ဥ၊ နွားနို့၊ သကြား၊ မာဂျရင်း (ထောပတ်ထက်ပိုပြီး မွှေးပါတယ်)၊ နို့စိမ်း (မုန့်ကိုပိုပြီးစိမ့်စေပါတယ်) စုစုပေါင်းမှ ၆မျိုးပါပဲ။ နို့စိမ်းမထည့်လည်းရပါတယ် အိမ်ကအဖွဲ့ကတော့ ကြက်ဥကြိုက်တော့ ကြက်ဥကိုပိုထည့်သုံးပါတယ်။

                                              ဂျုံမှုန့် နွားနို့ နို့စိမ်း သကြား ကြက်ဥ (၆မျိုးနော်)

                                          ဂျုံမှုန့် နွားနို့ နို့စိမ်း သကြားတို့ရောထားသော မုန့်ရည်

                                                      သီးသန့်ခလောက်ထားသော ကြက်ဥ

                            မုန့်နှစ်ရည်က အဲဒီလိုနည်းနည်းပစ်နေရင် နွားနို့နည်းနည်းထပ်ရောလိုက်ပါ

                 မုန့်ရည်နှစ်မျိုးကိုရောမွှေလိုက်ရင် ကြက်ဥများများထည့်တာမို့ အခုလိုအရောင်ဖြစ်နေတယ်

ဂျုံမှုန့် နွားနို့ နို့စိမ်း(အနည်းငယ်)နဲ့ သကြားတို့ကို ရောမွှေပြီး ခလောက်ပါတယ်။ ကြက်ဥကိုလည်း သီးခြား ခလောက်ထားပါတယ်။ ခလောက်ပြီး မုန့်ရည်နှစ်မျိုးကို ရောမွှေပါ။ ဒယ်အိုးသေးတွင် မာဂျရင်း(ခေါ်) ဂီး ထောပတ်ကို အနည်းငယ်ထည့်ပြီး မီးအေးအေးသုံးပါတယ်။ နှစ်မျိုးရောထားသော မုန့်ရည်ကို ဇွန်းဖြင့်ခပ်၍ ထည့်ကာ ကြက်ဥအချပ်ကြော်သကဲ့သို့ ဘေးပတ်လည်အဝိုင်းညီအောင် ဖြန့်လိုက်ပါ။ အနံ့မွှေးလာသောအခါ ကျန်တစ်ဖက်ကို လှည့်လိုက်ပါ။ ကြက်ဥအချပ် လိပ်သလိုလိပ်လိုက်ပါတယ်။ မွှေးပြီးစားချင်စဖွယ် အနံ့လေး ရလာပြီဆိုရင်တော့ မိတ်ဆွေတို့စားဖို့ ပဲန်ကိတ်အဆင်သင့်ဖြစ်ပါပြီ။ လွယ်တယ်မဟုတ်လားဟင်။ 

                                           ဂီးထောပတ်ကို အဲဒီလိုနည်းနည်းလေး ထည့်ရတယ်

                                                      မီးနည်းနည်းလေးနဲ့အပူပေးလိုက်ပါ

                         နှစ်မျိုးရောပြီး မုန့်နှစ်ရည်ကို အခုလို ဇွန်းနဲ့ နှစ်ဇွန်းထည့်ရင် မုန့်တစ်ချပ်စာပါ

                                                လက်ကိုင်ဒယ်အိုးထဲကို နှစ်ဇွန်းထည့်ပါတယ်

                                       ပတ်လည် ညီသွားအောင် ဒယ်အိုးကို ဝိုက်ပြီးလှည့်ပါတယ်

                                          အနံ့လေးမွှေးလာရင် နောက်တစ်ဖက်ကို လှန်လိုက်ပါ

                                               ကြက်ဥအောမလစ်လို အလိပ်လေးလိပ်လိုက်ပါ

                                               ဆွမ်းတော်ကပ်ဖို့ အရင်ဆုံးဦးဖယ်လိုက်ပါတယ်

                                 ပဲန်ကိတ်လေးတွေ တစ်ယောက်လေးခုဆိုရင် လုံလောက်ပါပြီနော်



                   ကြုံတုန်းကြုံခိုက် ကျမအိမ်က ဗုဒ္ဓရုပ်ပွားတော်များနဲ့ ဓာတ်တော်များကို ဖူးသွားလို့ရပါတယ်

စေတနာလေးပါ ရောထည့်ထားလို့ထင်ပါရဲ့ အရင်အခေါက်တွေထက်တောင် အရသာပိုကောင်းနေတယ်။ 
စိတ်အေး ချမ်းစွာနဲ့ သုံးဆောင်နိုင်ကြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

Print this post

Comments

Mon said...

နို့စိမ်းရော နွားနို့အကျက်ရော နှစ်မျိုးလုံး အဆင်သင့်မရှိရင် တစ်ခုထဲပဲ ထည့်လို့ရလားအစ်မ။ ဒါမှမဟုတ် နို့စိမ်းကို ပြန်ကျိုဖို့ လိုသေးလားဟင်။

Mon Petit Avatar said...

Thank you Aunty Tint for this delicious pancake, which makes me miss my sis as we used to make that at home .

ဆွေလေးမွန် said...

ဘုရားလဲ ဖူး ..ကိတ်လေးလဲ ငမ်းသွားတယ်..
ဗိုက်ဆာတယ်.. ဒီနေ့ အလုပ်နောက်ကျလို့
ဖြစ်သလိုနွေးလိုက်မှ အန်တီတင့် ကိတ်လေးနဲ့ ကြုံလေတော့ ညဘက်တောင် အိပ်ပျော်မယ်ထင်ဘူး..

:) :) :)

အိမ့်ချမ်းမြေ့ said...

အန်တီတင့်လက်ရာ လာမြည်းသွားပါတယ်း))

Post a Comment

Related Posts Plugin for WordPress, Blogger...