Loading...
Gadget by w2pro

ဟမ္ဘာဂါ သို့မဟုတ် ချစ်ကင်းဘာဂါ


ချောရဲ့ ပိုစ်လေးထဲကို ဝင်ဖတ်တော့ စီဘောက်စ်မှာ စာဖတ်သူ မိတ်ဆွေတစ်ယောက်က ချောကို ဟမ်ဘာဂါ လုပ်နည်းလေး မေးနေတာကို တွေ့ခဲ့တယ်။  ဒီကနေ့မနက် အိမ်မှာလည်း ကော်ဖီချိန် ဘာဂါလုပ်စားဖို့ရာ အစီ အစဉ်ရှိတာနဲ့ ပို့စ်လေးတစ်ခု အဖြစ်အကောင်အထည် ဖော်လိုက်တာပါ။ အဆင်ပြေတဲ့အခါ စာဖတ်မိတ်ဆွေ များ အားလုံး စမ်းသပ်လုပ်စားကြည့်လို့ ရတာပေါ့နော်။ ဘာဂါကိုလုပ်စားကြသူများ တစ်ဦးနဲ့ တစ်ဦးတော့ လုပ်နည်း လုပ်ဟန်လေးတွေ တူချင်မှတူမှာပါ။ ကိုယ်နှစ်သက်သလို စမ်းသပ်လုပ်ကြည့်ကြပါ။ အသုံး ပြု ကြတဲ့ ပစ္စည်းလေးတွေ စုံလင်တယ်ဆိုရင်ပဲ စားကောင်းတဲ့ ဘာဂါတစ်ခုကို ရပါပြီ။ ဟမ်(ဝက်ပေါင်ခြောက်) နဲ့လုပ် တော့ ဟမ်ဘာဂါ၊ ချစ်ကင်း(ကြက်သား) နဲ့လုပ်တော့ ချစ်ကင်းဘာဂါ ပေါ့နော်။ ဘာဂါ ၉လုံးလုပ်ဖို့အတွက် ကြက်တောက်တောက်စင်းပြီး ၂၀၀ ဂရမ်သုံးပါတယ်။

ရှေးဦးစွာ ပေါင်မုန့်ဝိုင်းကို အလယ်မှ အလျားလိုက်လှီးထားပါ။


ကြက်သားတောက်တောက်စင်း ကြက်ဥ ဂျုံမှုန့်အနည်းငယ် ကြက်သွန်နီတောက်တောက်စင်း ကြက်သွန်ဖြူ ထောင်း ဂျင်းရည် ဆား ပဲငံပြာရည် တို့ထည့်နယ်ထားပါ။



ကြက်သွန်အနီကို အဝိုင်းလိုက် မထူမပါးလှီးပါ ခရမ်းချဉ်သီးကို အစေ့ထုတ်ပြီး မထူမပါးလှီးပါ သခွားသီးမထူ မပါးလှီး ဆလပ်ရွက်ကို အချပ်လိုက် နွှာပြီးရေဆေးထားပါ။


ဘာဂါတစ်လုံးအတွက် ကြက်ဥတစ်လုံးနှုံးနဲ့ ကြော်ရပါတယ်။ ထောပတ်၊ ဒိန်ခဲခေါ် ချီးစ်အပြားလေးတွေကို အသုံးပြုတဲ့အတွက် အဆင်သင့်ထားပါ။




ငရုပ်ခရမ်းချဉ်ဆော့ အချိုဆော့တို့နှင့် မိုင်းရိုးနက်စ် သည်အဓိကကျပါတယ်။ တစ်ချို့တော့ မိုင်းရိုးနက်စ်ကို မနှစ်သက်ကြတာမို့ အသုံးမပြုကြပါဘူး။


ဒယ်ပြားနှင့်အသုံးပြုက ပိုပြီးအဆင်ပြေပါတယ်။ အိမ်မှာတော့ ဒယ်အိုးပဲရှိတာမို့ အဆင်ပြေသလိုပဲ အသုံးပြု လိုက်ပါတယ်။ ဒယ်အိုးတွင် ထောပတ်ထည့်ကာ ခြမ်းထားသော ပေါင်မုန့်ကို တစ်ခြမ်း တစ်ဖက်စီ လှည့်၍ ကြော်ပါတယ်။ ပေါင်မုန့်အောက်ခြမ်းကို ဇွန်းပြားဖြင့် ဖိခြင်းဖြင့် ပေါင်မုန့်ချပ်ဖြစ်သွားပါတယ်။ မဖိပဲထားလျှင် လည်း ရပါတယ်။ ကလေး လူကြီး စားရလွယ်ကူစေရန်အတွက် ပြုလုပ်ခြင်းဖြစ်ပါတယ်။  ပန်းကန်ပြားအတွင်း သို့ထည့်ထားပါ။ ကြက်ဥကို အလုံးလိုက် ဖောက်ထည့်ကြော်ပြီး အလယ်ကို မွှေလိုက်ပါ။ အချပ်လိုက်ကို ပန်း ကန်ပြား တစ်ခုတွင်ထည့်ထားပါ။ နယ်ထားသော ကြက်တောက်တောက်ကို ဒယ်အိုးတွင် ထောပတ်အနည်း ငယ်ထည့်ကာ ပုံပါတိုင်း တစ်ဒယ်တွင် ၃ချပ်ခန့် ထည့်ပြီး မီးနည်းနည်းနှင့်ကြော်ပါ။ မီးများလျှင် အတွင်းသား မကျက်မှာ စိုး၍ဖြစ်ပါတယ်။ ပြီးလျှင် ပန်းကန်ပြားတစ်ချပ်တွင် ထည့်လိုက်ပါ။




ပေါင်မုန့်ခြမ်းပေါ်တွင် ဆလပ်ရွက် အရင်ဆုံးတင်ပါ ၄င်းအပေါ်မှာ ဒိန်ခဲ (ချီးစ်အပြား) ထို့နောက် သခွားသီးဝိုင်း ပြီးလျှင် ကြော်ထားသော ကြက်ဥချပ် တစ်ခါ ခရမ်းချဉ်သီးဝိုင်း ကြက်သားပြား အပေါ်မှ ကြက်သွန်ဝိုင်းပြားတို့ ကို အဆင့်ဆင့် တင်ပြီးလျှင် အပေါ်မှ ငရုပ် ခရမ်းချဉ်သီးဆော့နှင့် အချိုဆော့ မိုင်းရိုးနက်စ်တို့ကို ထည့်ကာ ကျန်ပေါင်မုန့်ဝိုင်းတစ်ခြမ်းကို အပေါ်မှ တင်လိုက်ခြင်းဖြင့် စားသုံးရန် အသင့်ဖြစ်သော ဟမ်ဘာဂါ သို့မဟုတ် ချစ်ကင်းဘာဂါကို ရပါပြီ။




 ပန်းသေးခေါက်ဆွဲလောက်တော့ မမြန်ပါဘူး ဒါပေမယ့် စမ်းလုပ်စားကြည့်ကြပါနော်။ ပစ္စည်းရှာရလည်းလွယ် ကူပါတယ်။ တစ်ချို့ကတော့ ခရမ်းချဉ်သီး ကြက်သွန်တို့ကို မနှစ်သက်လို့ ဖယ်ပြီးလုပ်သလို တစ်ချို့ကတော့  မိုင်းရိုးနက်စ် မနှစ်သက်လို့ ထည့်သုံးခြင်းမှ ရှောင်ကြပါတယ်။ မိမိစိတ်ကြိုက် မိမိနှစ်သက်သလို လုပ်စားနိုင် စေဖို့ အခြေခံနည်းလမ်းလေး ပေးလိုက်ပြီနော်။

မေတ္တာဖြင့်
အန်တီတင့်
Print this post

Comments

Angelhlaing(May everybody be happy and healthy! said...

စားချင်စရာလေး အိမ်လည်လာရင် လုပ်ကျွေးနော် အန်တီတင့်ရေ...:)

leo said...

အန်တီတင့်...ဘာဂါလုပ်တာက စနစ်ကျလိုက်တာဗျာ။ လေ့လာမှတ်သားသွားပါတယ်။

Post a Comment

Related Posts Plugin for WordPress, Blogger...