Loading...
Gadget by w2pro

ဂုဏ်ယူလျက်ပါ ဖေဖေ (သို့) ဦးကြည်သိန်း



ဒီကနေ့ ဖေဖေ့အကြောင်း ပြန်စဉ်းစားရင်း ပို့စ်လေးတစ်ခုတော့ မှတ်တမ်းအဖြစ် ချန်ထားမယ်လို့ စဉ်းစားထား ပြီး ဘလော့ဂ်တွေကို လျှောက်လည်တဲ့အခါမှာ မထင်မှတ်ပဲ ဘလော့ဂ်တစ်ခုမှာ ဘလော့ဂ်ဂါတစ်ယောက်ရဲ့ ဖေဖေလည်း ကျမရဲ့ ဖေဖေ့လို တိုင်းပြည်အပေါ်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦး အဖြစ် တွေ့ခဲ့ရတယ်။ ပြီးခဲ့တဲ့လကလည်း ဘာသာရေးဘလော့ဂ်တစ်ခုမှာ အားကြိုးမာန်တက် ဆောင်ရွက်နေတဲ့ ဘလော့ဂ်ဂါတစ်ဦးဟာ ကျမနဲ့ ဖောင်ကြီးသင်တန်း အတူတူတက်ခဲ့တဲ့ မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်နေ တယ်။ အဲဒီလို ပြန်ဆုံဆည်းခဲ့ရတဲ့အချိန်မှာ ကျမအတိုင်းအဆမရှိ ဝမ်းသာကြည်နူးရပါတယ်။


မွေးရပ်ဌာနေနှင့် ကျောင်းသားဘဝဖြစ်စဉ်

၁။ မင်းဘူးမြို့၊ ဒီစကြိတ်ကောင်စီရုံး စာရေးကြီး ဦးဘသော် ဒေါ်ငွေရင်တို့မှ မင်းဘူးမြို့ ဘုရားဖြူ (ဆုတောင်း ပြည့်) လမ်းတွင်။ ၁၉၂၅-ခုနှစ်၌ မွေးဖွားခဲ့ပြီး မွေးချင်း ရှစ်ဦးအနက် ဒုတိယမြောက်သား ဖြစ်ပါသည်။ မင်းဘူး မြို့ မြူနီစီပါယ်ကျောင်းနှင့် အင်္ဂလိပ်မြန်မာ အထက်တန်းကျောင်းတို့တွင် ၁၉၃၀ ပြည့်နှစ်မှ ၁၉၄၂ ခုနှစ်အထိ (၉)တန်း အောင်မြင်သည်အထိ ပညာသင်ကြားခဲ့ပါသည်။ အထက်တန်းကျောင်းသား ဘဝတွင် ကျောင်းသား များ သမဂ္ဂအသင်း အမှုဆောင် အတွင်းရေးမှူးနှင့် ဒုဥက္ကဌ တာဝန်ခံအဖြစ် ပါဝင် ထမ်းဆောင်ခဲ့ပါသည်။ ၁၉၃၈-ခုနှစ် ကျောင်းသားသပိတ်တွင် ဓာတ်တော်ကုန်းဘုရား၌ သပိတ်စခန်းဖွင့်လှစ်၍ ဦးဆောင်ပါဝင် လှုပ်ရှားခဲ့ပါသည်။ ရန်ကုန်မြို့တွင် ၁၉၃၉-ခုနှစ်၌ ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အစည်းအဝေးသို့ မင်းဘူး ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပါသည်။

လွတ်လပ်ရေးအကြိုကာလလှုပ်ရှားမှု

၂။ ၁၉၄၂-ခုနှစ်တွင် (B I A) ဘီအိုင်အေ ဗမာ့လွတ်လပ်ရေး တပ်မတော် မင်းဘူးမြို့သို့ ချီတက်လာချိန် မိမိ အပါအဝင် ကျောင်းသားသံမဏိ တပ်ဖွဲ့ဝင်များသည် ၄င်းတပ်သို့ တပ်သားအဖြစ် ဝင်ရောက် အမှုထမ်းကြပါ သည်။ ဘီအိုင်အေတပ် ဖျက်သိမ်းချိန်တွင် တပ်မှထွက်ပြီး ၁၉၄၃-၄၄ စာသင်နှစ်တွင် ရန်ကုန်မြို့ စိန်ဂျွန်း ကွန်ဗင့်ကျောင်း၌ ဆက်လက်ပညာသင်ကြားကာ (၁၀)တန်း စာမေးပွဲကို အောင်မြင်ပြီး (B D A) ဘီဒီအေ ဗမာ့ကာကွယ်ရေး တပ်မတော်သို့ ထပ်မံ ဝင်ရောက်ခဲ့ပါသည်။

၃။ ၁၉၄၄-ခုနှစ် မေလတွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်း အပတ်စဉ် (၃)သို့ တက်ရောက်ခဲ့ရပြီး ဗိုလ် လောင်းအဆင့်ဖြင့် သင်တန်းဆင်းကာ ကရင်လေ့ကျင့်ရေး တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဂျပန်တော်လှန်ရေး စတင်ချိန်မှ ပြီးဆုံးချိန်အထိ ပဲခူးမြို့ တိုင်း(၄) စစ်ဌာနချုပ်တွင် ဒုတိယဗိုလ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဂျပန်တော်လှန်ရေး အပြီး မျိုးချစ်ဗမာ့တပ်မတော် (P B F) ကို ဖျက်သိမ်းချိန် တွင် တပ်မှထွက်ခဲ့ပြီး သန်လျင်မြို့ရှိ ဗမာ့သေနတ်ကိုင်တပ်ရင်း (၃) သို့ တပ်သားအဆင့်ဖြင့် ထပ်မံ ဝင် ရောက် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၉-၆-၄၇ ခုနှစ်တွင် အဆိုပါတပ်ရင်း၌ပင် ပြန်တမ်းဝင်အရာရှိ ဒုတိယ ဗိုလ်အဆင့်သို့ ချီးမြှင့်ခန့်အပ်ခြင်း ခံရပါသည်။ နိုင်ငံတော် လွတ်လပ်ရေးရရှိရန် ရည်မှန်းချက်ဖြင့် ဘီအိုင်အေ၊ ဘီဒီအေ နှင့် ပီဘီအက်ဖ် တော်လှန်ရေး လှုပ်ရှားမှု သုံးရပ်စလုံးတွင် စစ်ရေးအရ အသက်စွန့် ကြိုးပမ်းဆောင် ရွက်ခဲ့ပါသည်။

လွတ်လပ်ရေးရပြီး ဆက်လက်ထမ်းဆောင်ခဲ့ရသည့် တာဝန်များ

၎။ ပြည်တွင်းပြည်ပ သောင်းကျန်းသူ အဖွဲ့အစည်းများအား ဆက်လက် နှိမ်နင်းမှုများကို ၁၉၄၈-ခုနှစ် မတ်လမှ အစပြု၍ တာဝန်ယူ ဆောင်ရွက်ခဲ့ရပါသည်။ တပ်မတော်တွင် ဒုတိယဗိုလ်အဆင့်မှ ဗိုလ်မှူးကြီး အဆင့်အထိ ရာထူးအဆင့်ဆင့် ခြောက်ဆင့်တိုးမြှင့် ခန့်အပ်ခြင်း ခံခဲ့ရပြီး စစ်ဆင်ရေး နယ်မြေများ အဖြစ် ရန်ကုန်၊ မင်္ဂလာဒုံ၊ မိတ္ထီလာ၊ မန္တလေး၊ မေမြို့၊ ရှမ်းပြည်မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း (ရွှေတြိဂံနယ်မြေ)၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းတို့တွင် တာဝန်ထမ်းဆောင်ခဲ့ရပါသည်။ နိုင်ငံတော် လွတ်လပ်ရေး အချုပ်အခြာ တည်တံ့ခိုင်မြဲရေးအတွက် စစ်မှုထမ်းသက် ၃၈နှစ်ကြာ ထမ်းဆောင်ခဲ့ပါသည်။

ပါဝင်ခဲ့သော အဓိက စစ်ဆင်ရေးကြီးများ

၅။ ၁၉၄၈-ခုနှစ် ဒိုက်ဦး၊ ဝေါ၊ မြစ်ကျိုး၊ သူရဲသမိန်၊ ကွမ်းဆိပ်၊ ဒုံဇရစ်နယ်မြေများမှ ဗကပ သောင်းကျန်းသူများ အား တိုက်ခိုင်ချေမှုန်းခြင်း။
၁၉၄၉-ခုနှစ် ကြို့ကုန်း၊ အင်းစိန်၊ စော်ဘွားကြီးကုန်း၊ ကရင်သောင်းကျန်းသူ များအား တိုက်ခိုက်ချေမှုန်းခြင်း။
၁၉၅၃-၅၄ ခုနှစ် ပြည်ပကျူးကျော်သူ တရုတ်ဖြူများအား တိုက်ခိုက်ချေမှုန်းခဲ့သော နဂါးနိုင်စစ်ဆင်ရေး၊ ဘုရင့်နောင်စစ်ဆင်ရေး၊ ရန်ကြီးအောင်စစ်ဆင်ရေးကြီးများ။
၁၉၆၉-ခုနှစ် ဧရာဝတီတိုင်း ကေအိုင်အို သောင်းကျန်းသူများနှင့် ဗကပသောင်းကျန်းသူများအား တိုက်ခိုက် ချေမှုန်းခြင်း တို့ဖြစ်ပါသည်။

နိုင်ငံတော်မှ ချီးမြှင့်သည့် ဂုဏ်ထူးဘွဲ့ထူးများ

ကျောင်းသားဘဝမှ အစပြု၍ အရေးအခင်းဖြစ်ပေါ်ချိန်အထိ သမဂ္ဂတာဝန်၊ စစ်ရေးတာဝန် စီးပွားရေးတာဝန် နိုင်ငံရေးတာဝန်များကို တာဝန်သိသိ သစ္စာရှိစွာ ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် အောက်ပါ ဂုဏ်ထူး ဘွဲ့ထူး များကို နိုင်ငံတော်မှ ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။

- နိုင်ငံဂုဏ်ရည် ပထမဆင့်
- လွတ်လပ်ရေးမော်ကွန်းဝင် ပထမဆင့်
- လွတ်လပ်ရေးတံဆိပ်
- စစ်မှုထမ်းကောင်းတံဆိပ်
- ပြည်ပရန်နှိမ်တံဆိပ်
- ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်
- ဗိုလ်ချုပ်အောင်ဆန်းက ချီးမြှင့်သော အရေးအခင်း ဂုဏ်ထူးဆောင်လက်မှတ် တို့ဖြစ်ပါသည်။

အထက်မှာရေးထားတဲ့ ကျမဖေဖေရဲ့ အထုပ္ပတ္တိလေးကို ဖေဖေဆုံးပြီးနောက်ပိုင်း ရက်လည်တဲ့နေ့မှာ ဖေဖေ့ မှတ်တမ်းဖိုင်တွေထဲကနေ ဖတ်ရှုရပြီး ကျမသိမ်းထားခဲ့တာပါ။ ဘယ်တုန်းကမှ တစ်နေ့မှာ ကျမဘလော့ဂ်ဂါ တစ်ယောက် အဖြစ်နဲ့ ဖေဖေ့ရဲ့ အထုပ္ပတ္တိလေးကို ဖွင့်ပြခွင့်ရလိမ့်မယ်လို့ အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး ဒါလည်း မှန်သောစကားကိုဆိုခြင်းပါ။ ဒါကြောင့် အခုလို ပို့စ်တစ်ခုအဖြစ် တင်ရခြင်းဟာလည်း ဘယ်လို ရည်ရွယ်ချက်မှ မရှိပါပဲ ကျမရဲ့ ဖေဖေ့အတွက် ဂုဏ်ပြုမှတ်တမ်းလေးအဖြစ် ခြေရာချန်ခဲ့ခြင်းသက်သက်ပါ။


မေတ္တာဖြင့်
အန်တီတင့်
Print this post

Comments

phyu said...

Hi Ma Ma Tint,

congratulation, yr Dad is a good idol

rgds/Nang Myint

blackroze said...

တီတီရေ..တီတီရဲ့ဖေဖေအကြောင်းလာဖတ်သွား
ပါတယ်ရှင်...

Unknown said...

ကျနော် မန္တလေးက ဦးဘသိန်း (ချစ်ညိုပုံနှိပ်တိုက်) ဒေါ်စီစီမြင့်တို့သား
မောင်မောင်လတ်ပါ ကျနေိာတို့ငယ်စဉ်က (ယခု ၆၃နှစ်)ကျနော်တို့အိမ်မှာ
အန်ကယ် ဦးးကြည်သိန် Piano လာတီးကြပါတယ်။ ကျနော်လည်း
တီးပါတယ်။ ကျနော်ကတော့မှတ်မိနေပါတယ် ။ ရန်ကုန်အိမ်လည်းရောက်ဘူးပါတယ်။မိတ်ဆွေဟောင်းတွေပြန်တွေရလို့ဝမ်းသာပါတယ်။ ဦးဘသိန်းက 1987 မှာကွယ်လွန်ပါတယ် ၊ ဒေါ်စီစီက 1991 မှာကွယ်လွန်ပါတယ်။ Email chitnyo.mdy@gmail.com

Unknown said...

အန်ကယ်ဦးကြည်သိန်းသားနှင့်သမီး piano လာတီးကြပါတယ်။
(အမှားပြင်)

Post a Comment

Related Posts Plugin for WordPress, Blogger...