Loading...
Gadget by w2pro

ညနေစာ



မနေ့ညက ညီမဝမ်းကွဲတစ်ယောက် စင်္ကာပူကိုရောက်လာတယ်ဆိုလို့ ညီမလေးက ဒီကနေ့ သူ့အလုပ်က အပြန် ကျမအိမ်ကိုဝင်လာပြီး အဲဒီညီမဝမ်းကွဲအိမ်ကို သွားနှုတ်ဆက်ကြ ဖို့ပြောပါတယ်။ ကျမလည်း ဒီကနေ့ တင်မဲ့ပို့စ်ကို အစပျိုးရုံတင်ရှိပါသေးတယ်။ ဒါနဲ့ပဲ ကျမ စဉ်းစားမိတယ် တကယ်လို့ ကျမအပြင်ကိုထွက်ပြီ ဆိုရင်တော့ တော်တော်နဲ့ပြန်ရောက်မယ် မထင်ပါ။ ရာခိုင်နှုံး ၈၀ပါပဲ။ ပို့စ်တစ်ခုလည်း မဖြစ်မနေတင်ခဲ့ ချင်သေးတယ်။ ဒီတော့ ‘ဒီကနေ့ ဘာချက်စားရရင် ကောင်းပါ့မလဲ’ ဆိုတဲ့ သူတွေအတွက်ရယ် ဘလော့ဂ်ကို အားပေးသူများ ဖတ်ပါစေတော့ရယ်လို့ စေတနာနဲ့ တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။

ကျမတခြားဘလော့ဂ်တွေကို အလည်သွားရင်းနဲ့ စားသောက်ဖွယ်ရပ်ဝန်းမှာ စုံစုံလင်လင်စားသောက် ဖွယ်လေးတွေကို သပ်သပ်ယပ်ယပ် လှလှပပနဲ့ ချက်ပြထားတာကို အတော်လေး သဘောကျပါတယ်။ လွယ်လွယ်ကူကူ ချက်နိုင်အောင်လည်း နည်းလမ်းတွေကို ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း ၊ရေးထားကြပါတယ်။ ကျမအနေနဲ့ ဒီပို့စ်ကို တင်ချင်တဲ့ဆန္ဒကြောင့်သာ တင်လိုက်ရပေမယ့် ဓာတ်ပုံကို တစ်ဆင့်ခြင်း မရိုက်မိတဲ့အတွက် ချက်ပြုတ်မဲ့သူတွေတော့ ပုံကြည့်ပြီး ချက်ရမှာထက် စာဖတ်ပြီး ချက်ရမလို ၊ဖြစ်နေပါတယ်။ ညနေဖက် အလုပ် (သို့) ကျောင်းကနေ ပင်ပင်ပမ်းပမ်း ၊ပြန်လာမဲ့ သားတို့နဲ့ တူလေးတွေအတွက် ညနေစာဟင်းကို သွက်သွက်ကလေး ကျမ ချက်ပြုတ်ခဲ့ပါတယ်။

ရေခဲသေတ္တာအပေါ်ထပ်မှာ သိမ်းထားတဲ့ ကြက်အတောင်ပံထုတ်ကို ပလပ်စတစ်အိတ်ထဲမှထုတ်၍ အခဲ လိုက်ရေဆေးပြီး ဒယ်အိုးမှာထည့်ပါတယ်။ ၄င်းကြက်တောင်ပံအခဲပေါ်ကို ဆား၊ ဆနွင်း၊ ငရုပ်မှုန့်၊ ငံပြာရည်၊ ကြက်မှုန့်၊ မဆလာမှုန့်နဲ့ ဆီတို့ထည့်ပြီး မီးဖိုမှာတည်ထားလိုက်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ကို ကြိတ်ပြီး အပေါ်မှထပ်ထည့်ပါ၊ ခရမ်းချဉ်သီးကို အစေ့ဖယ်ကာ အဆင်ပြေသလိုလှီးပြီး ထည့်ပါ။ တခန အကြာမှာ အပူငွေ့ကြောင့် ကြက်သားခဲဟာ အလိုလိုပြေသွားပြီး ကြက်တောင်ပံ အချောင်းလိုက် ကွဲသွား ပါလိမ့်မယ်။ အလိုလိုထွက်လာသော ရေများခမ်းကာ ဆီပြန်လာတဲ့အခါမှာတော့ စားသုံးရန်အတွက် အဆင် သင့်ဖြစ်တဲ့ ကြက်သားဟင်းတစ်ခွက် ရပါပြီ။

အစိမ်းကြော်အတွက်တော့ မုန်လာဦနီ ပန်းဂေါ်ဖီပွင့် အဖြူ နှင့် အစိမ်း၊ ဂေါ်ဖီထုပ် တို့ကို အလိုက်သင့်လှီးပြီး ထုထားသော ကြက်သွန်ဖြူအား ဆနွင်းနည်းနည်းနှင့် ဆီသတ်ခါ ကြော်လိုက်ပါတယ်။ အရောင် အနံ့နှင့် အရသာကောင်းစေဖို့ ပဲငံပြာရည် အနည်းငယ် ထည့်ပြီး စိမ်းစိမ်းလေးကြော်လိုက်ခြင်းဖြင့် စားသုံးရန် အတွက် အဆင်သင့်ဖြစ်တဲ့ အစိမ်းကြော်တစ်ခွက် ရပါပြီ။

တုံယမ်းဟင်းချိုအတွက်ကတော့ သီးသန့်ချက်နေစရာမလိုပါဘူး၊ အစိမ်းကြော်အတွက် လှီးထားတဲ့ မုန်လာဥ နီ ပန်းဂေါ်ဖီပွင့် အဖြူ နှင့် အစိမ်း၊ ဂေါ်ဖီထုပ် ထုထားတဲ့ ကြက်သွန်ဖြူ တို့ကို တုံယမ်းခဲ နှစ်ခဲခန့်နဲ့ အတူရော ကာဒန်အိုးထဲမှာ ရေထည့်ကာတည်လိုက်ပါ။ ဆား၊ ကြက်မှုန့်၊ ငံပြာရည် တို့ကိုအနည်းငယ်သာထည့်ပါ တုံယမ်းအခဲမှာ အရသာနကိုယ်က ပါပြီးသားမို့ဖြစ်ပါတယ်။ အိမ်မှာငုံးဥ ဝယ်ထားတာ မရှိတဲ့အတွက် ကြက်ဥ ကို သပ်သပ်ပြုတ်ထားပါတယ်။ ဟင်းချိုပွက်ပြီး မွှေးလာတဲ့အခါ ကြက်ဥကို လိုအပ်သလို ခြမ်းပြီးဖြစ်စေ အလုံးလိုက်ဖြစ်စေ ထည့်ပါ။ စားသုံးရန်အတွက် အဆင်သင့်ဖြစ်တဲ့ တုံယမ်းဟင်းချိုတစ်ခွက်ကို ရပါပြီ။ (အဆင်ပြေသလိုပဲ ရှိတာနဲ့ချက်ခဲ့ပါပြီ)



မေတ္တာဖြင့်
အန်တီတင့်
Print this post

Comments

Mon Petit Avatar said...

Aunty Tint, I just wish I could cook like you or could dine your yummy dishes for always.

Post a Comment

Related Posts Plugin for WordPress, Blogger...