Loading...
Gadget by w2pro

အတိတ်မှပုံရိပ်များ - အဆက်



အတိတ်မှပုံရိပ်များကို ကျမဘယ်သောအခါမှ မမေ့နိုင်ခဲ့သလို တိုတောင်းတဲ့ လူ့ဘဝထဲမှာ ရှုပ်ထွေးတဲ့ သပွတ်အူလို ကျမဘဝလည်း အမည်ဖော်လို့မရတဲ့ ခေါင်းစဉ်တွေနဲ့ ရှုပ်ထွေးနေခဲ့ရပါတယ်။ ဘယ်လို အခြေအနေဖြစ်ဖြစ် ကျမကြုံတွေ့နေရတဲ့ ရှုပ်ထွေးတဲ့ ဘဝကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖြတ်သန်းဖို့လည်း ကျမ အသင့်အနေအထားမှာ ရှိနေခဲ့ပါတယ် ။


ကျမအသက် (၇)နှစ်ပြည့်တဲ့ မွေးနေ့မှာ ကျမကိုစိတ်မချပါဘူးဆိုတဲ့ မေမေ၊ လူ့ဘဝကြီးကို ခင်တွယ်မက်မောပြီး ဒီမိသားစု အသိုင်းဝိုင်းကြီးကို တစ်သက်လုံး မခွဲချင်တဲ့ မေမေတစ်ယောက် အတိတ်ကံ အကျိုးပေးနည်းခဲ့လို့ အသက်(၂၉)နှစ်နဲ့ သူချစ်တဲ့ အသိုင်းအဝိုင်းကြီးကို ထာဝရ စွန့်လွှတ် ကျောခိုင်း သွားခဲ့တယ်။ မေမေ ဆုံးတဲ့အချိန်မှာ ကျမရဲ့အငယ်ဆုံး မောင်လေးက အသက်(၂)နှစ်နဲ့ ကျန်ခဲ့ပြီး အစ်ကိုကတော့ အသက်(၉)နှစ်ဖြစ်ပါတယ်။ ကျမရဲ့မေမေကို ခေါ်ဆောင်သွားတဲ့ ဆေးရုံကားကို အချိန်ကြာမြင့်စွာ ခြစ်ခြစ်တောက်ပူနေတဲ့ နေရောင်အောက်မှာ ငေးမောကြည့်နေခဲ့တဲ့ အကျိုးဆက်ကတော့ ကျမမှာ Migraine လို့ခေါ်တဲ့ ခေါင်းကြီးကိုက် ဝေဒနာစွဲကျန်ခဲ့ပါတယ်။ ဒီအပြင်ကျမ မကြာခဏ ဖျားနာတတ်လာပါတယ်။ ဆေးခန်း သွားလိုက် သက်သာလိုက် ရက် အနည်းငယ်နေပြီး ၊ပြန်ဖျားလိုက် တစ်ဖန်ဆေးခန်း သွားလိုက် သက်သာလိုက်နဲ့ ကျမနဲ့ အဖျား၊ အဖျားနဲ့ ဆေးခန်း ၊ဆေးခန်းနဲ့ ကျမတို့ သုံးဦးသုံးဖလှယ် လုံးခြာပတ်လည် ရိုက်လို့နေပါတော့တယ်။

မေမေဆုံးပြီး ရက်လည်တဲ့နေ့မှာပဲ ကျမရဲ့ဖေဖေလည်း အထက်လူကြီးတွေဆီကနေ ခွင့်ပြုချက်တောင်းယူပြီး စိတ်ပြေစေဖို့ရာ ပဉ္ဇင်းခံသွားပါတယ်။ အချိန် တစ်လပြည့်မှာ ဖေဖေ လူဝတ်လဲပြီးတဲ့နောက် ရန်ကုန်ဖက်ကို ခရီးထွက်သွားပါတယ်။ တစ်နေ့ နေမကောင်းတဲ့ကျမ ကုတင်ပေါ် လှဲနေချိန် အစ်ကိုဖြစ်သူက ကျမဘေးနားမှာထိုင်ပြီး စကားတွေဖောင်ဖွဲ့ပြောနေချိန်မှာ ဂျစ်ကားသံကို ကြားလိုက်တော့ မောင်နှမ နှစ်ယောက်သား ပြိုင်တူ ‘ဖေဖေပြန်လာပြီ’ လို့ အော်လိုက်ကြတယ် အစ်ကိုဖြစ်သူက ဦးစွာ အပေါ်ထပ်ကနေ ၊ပြေးဆင်းသွားပြီး ကျမလည်းနောက်က ၊ဖြည်းဖြည်းချင်း လိုက်ဆင်းသွားပါတယ်။ ရန်ကုန်ကပြန်လာတဲ့ဖေဖေ့ကိုပြေးဖက်မယ်အလုပ်မှာ ဖေဖေ့ကားရဲ့ နောက်ခန်းမှာ ကျမထက် ၂နှစ်ခန့်ငယ်တဲ့ ညီမလေးတစ်ယောက်နဲ့ ရန်ကုန်က မေမေ့အစ်မတစ်ယောက် ဆိုသူ ပါလာတာကိုမြင်လိုက်ပါတယ်။ ဂျစ်ကားပေါ်ကနေ ဖေဖေအရင်ဆင်းလိုက်ပြီး အဲဒီ ညီမလေးကို ပွေ့ချီပြီး ကားပေါ်မှ ချပေးလိုက်ပါတယ်။ အဲဒီ ညီမလေးရဲ့ လက်ကိုဖေဖေကဆွဲပြီး ကျမတို့မောင်နှမ ဆီကို လျှောက်လာပါတယ်။ “ဒါက သားနဲ့သမီးတို့ရဲ့ ညီမလေးအရင်းပဲ မှတ်ထားနော် ဒီကနေ့ကစပြီး မောင်နှမလေးယောက် သင့်သင့်မြတ်မြတ် ပျော်ပျော်ရွှင်ရွှင်နေကြနော် ဟုတ်ပြီလား” လို့ဖေဖေကပြောပြောဆိုဆို ညီမလေးကို ကျမတို့အနားမှာ ထားခဲ့ပြီး အပေါ်ထပ်ကို တက်သွားပါတယ်။ ၊ဖေဖေ့မျက်နှာမှာ ညှိုးညှိုးနွမ်းနွမ်းနဲ့ ပင်ပမ်းနေပုံရပြီး အရင်လို အပြုံးတွေလည်း ပျောက်ကွယ်နေပါပြီ။

မောင်နှမနှစ်ယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အူကြောင်ကြောင်ဖြစ်နေပါတယ် တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးတဲ့ ညီမလေးတစ်ယောက် ကျမတို့အနားရောက်လာတာကို နှစ်ယောက်သား ထူးဆန်းအံ့သြနေကြတယ်လေ။ ညီမလေးကတော့ ရန်ကုန်က မေမေ့အစ်မဖြစ်သူ အဒေါ်ရဲ့လက်ကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမြဲပါ။ အဒေါ်ကလည်း ညီမလေးကို ကျမတို့မောင်နှမနှစ်ယောက် နားမလည်တဲ့ ကရင်စကားနဲ့ တတွတ်တွတ် အဆက်မပြတ်ပြောနေပါတယ်။ တခဏကြာတော့ ကျမက ညီမလေးလက်ကို ဆွဲပြီး “လာညီမလေး အပေါ်ထပ်မှာ မောင်လေးရှိတယ် သူ့ဆီသွားကြရအောင်လို့” လို့ပြောတော့ ညီမလေးက သူ့လက်ကို ၊ပြန်ရုန်းထွက်ပြီး “အိုခေါ့ အိုခေါ့” လို့ပြန်ပြောပါတယ် ဘာပြောမှန်းမသိတော့ ကျမလည်း အဒေါ်ကိုလှမ်းကြည့်မိတယ် အဒေါ်က  “ခဏလေး ခဏလေး-လို့ ၊ပြောနေတာ လုလုရဲ့” လို့ရှင်းပြတယ်။ ညီမလေးက အဒေါ့်ကိုတစ်ဖန် “ထီး-ထီး” လို့ပြောတော့ အဒေါ်က ရေတစ်ခွက်သွားခတ်လာပြီး တိုက်လိုက်တယ် အဒေါ်ခတ်လာတဲ့ ရေကိုသောက်ပြီးမှ ကျမရဲ့ လက်ကိုပြန်ကိုင်ပြီး ကျမခေါ်ရာနောက် အပေါ်ထပ်ကို လိုက်လာပါတယ် အစ်ကိုနဲ့ ကျမတို့လည်း ၊သွေးကစကားပြောတယ်ထင်ပါရဲ့ ညီမလေးကို ၊မြင်မြင်ချင်းပဲ ချစ်ကြသလို ညီမလေးကလည်း အခုမှတွေ့ဘူးတဲ့ ကျမတို့မောင်နှမ နှစ်ယောက်ကို သူ့ရဲ့ အစ်ကိုနဲ့အမ အရင်းအဖြစ်နဲ့ တုံ့ဆိုင်းခြင်းမရှိ လက်ခံပါတယ်။ အပေါ်ထပ်ကို ရောက်တဲ့အခါ လေယာဉ်ပျံအရုပ်ကလေးတွေနဲ့ ကစားနေတဲ့ အငယ်ဆုံးမောင်လေး အနားမှာထိုင်ပြီး မောင်လေးကို “တူတူး ဒါ တူတူးရဲ့ မမနော် ‘မမ’ လို့ခေါ်ကြည့်ပါအုံး” လို့ကျမကပြောတော့ မောင်လေးက “မမ - မမ” လို့ခေါ်တဲ့အခါ ညီမလေးက ကျမကိုလှည့်ကြည့်ပြီး ရီပြပါတယ်။ ကျမတို့ရဲ့ အရိပ်အခြေကို အကဲခတ်ပြီး နားလည်ပုံရပါတယ်။

ကျမတို့အိမ် အပေါ်ထပ်ရဲ့ အခန်းဖွဲ့စည်းပုံလေးကတော့ အလယ်မှာ အိပ်ခန်းနှစ်ခန်း ရှိပြီး ဘေး တစ်ဖက်တစ်ချက်မှာ အိပ်ခန်းနဲ့ တွဲလျက် အခန်းရှည်လေး တစ်ခုစီရှိပါတယ်။ အလယ်က အိပ်ခန်းနှစ်ခန်း အနက် အနည်းငယ်ပိုကျယ်တဲ့အိပ်ခန်းကတော့ အရင်က ၊ဖေဖေနဲ့မေမေတို့ နေတဲ့အခန်းဖြစ်ပြီး အခုတော့ ဖေဖေတစ်ယောက်တည်း နေပါတယ်။ ဖေဖေ့အခန်းနဲ့ ကပ်ရက်အခန်းကျယ်မှာတော့ ကျမရယ် ၊ မောင်လေး နဲ့ အစ်ကိုတို့နေပါတယ်။ ၊မောင်လေးကုတင်နဲ့ ကပ်ရက် ၊အောက်မှာတော့ ဖျာခင်းပြီး မူတူးလူကအိပ်ပါတယ်။ ကျမရဲ့မေမေဆုံးပြီးတဲ့နောက် မူတူးလူက မောင်လေးကို အရင်ထက်ပိုပြီး ဂရုတစိုက်ရှိသလို အမြဲတန်းလည်း အရိပ်တကြည့်ကြည့်နေလေ့ ရှိပါတယ်။ မောင်လေးကို ကျမတို့စတာတောင် သူကလက်မခံပါဘူး။ ကျမလည်း ဖေဖေ့အခန်းထဲကို မသိမသာ လှမ်းကြည့်လိုက်တော့ ဖေဖေက တစ်ဖက်ကို စောင်းပြီးအိပ်နေတာကို တွေ့ရတဲ့အတွက် ကျမဖေဖေ့အခန်းကို မဝင်တော့ပါဘူး။ အစ်ကိုနဲ့ ညီမလေးက မောင်လေးအရုပ်ကလေးတွေနဲ့ ကစားတာကို စိတ်ဝင်တစား ထိုင်ကြည့်နေကြချိန်မှာ ကျမက ဘေးခန်းရှည်ထဲမှာ သနပ်ခါးလိမ်းနေတဲ့ ဖွားဖွားဆီကိုသွားပြီး သိချင်တာလေးကို စပ်စုလိုက်ပါတယ်။ “ဖွားဖွား ညီမလေးက ဘယ်လိုလုပ်ပြီး ပေါ်လာတာလဲဟင် ၊ ညီမလေးက ဘာဖြစ်လို့ ဗမာစကား မပြောတတ်တာလဲ” လို့ ကျမသိချင်တာကို မေးလိုက်တော့ ဖွားဖွားက “ပူလူး မေမေ တူးမာကို မွေးတုန်းက ကျန်းမာရေး မကောင်းဖြစ်ပြီး အိပ်ရာကမထနိုင်ဘူးလေ အဲဒီတုန်းက ပူလူးကအသက် ၂နှစ်လောက်ဆိုတော့ ဘယ်မှတ်မိပါ့မလဲ ရန်ကုန်ကအဒေါ်လည်း ကလေးမရှိတော့ အပိုင်မွေးစားဖို့ တောင်းတယ် ကျန်းမာရေးမကောင်းတဲ့ အတွက် ညီမလေးကို မပေးချင်ပေမယ့် ပေးလိုက်ရတာပေါ့ နောက်ပြီးတော့ သူတို့တွေက ကရင် အသိုင်းအဝိုင်းဆိုတော့ ကရင်စကားပဲ ပြောကြတာကြောင့် ပူလူးရဲ့ ညီမလေးလည်း ဗမာစကား မတတ်တော့ဘူးပေါ့ကွယ် အခုတော့ မောင်နှမတွေ တစ်ကွဲတစ်ပြား ဖြစ်မနေအောင် ဖေဖေက ရန်ကုန်ကနေ ၊ပြန်ခေါ်လာတာ” လို့ ၊ပြောပြီး တဆက်တည်း “ကုတင်ပေါ်သွားလှဲနေပါလား ပူလူးရဲ့ နေလည်းသိတ်ကောင်းတာမဟုတ်ပဲနဲ့” လို့ပြောပေမယ့် ညီမလေးတစ်ယောက် မထင်မှတ်ပဲ ကောက်ရသလို ရလိုက်တဲ့အတွက် ကျမအဖျားလည်း အလိုလိုပျောက်ကွယ်သွားပုံရပါတယ်။ ဖွားဖွားက အခုလို ရှည်လျားစွာ ရှင်းပြပါတယ် ကျမသိချင်တဲ့ အဖြေကိုရပြီမို့ ကျမလည်း မောင်လေးတို့ကစားနေတဲ့ နေရာကိုပြန်သွားလိုက်ပါတယ်။

“တီးတိုး ၊ လုလု ကစားကြမယ်ဟေ့” ဟုအနောက်ဖက်ခြံက ဂေါ်ရာနဲ့ပေါက်ပေါက်တို့ရဲ့ ခေါ်သံကိုကြားတော့ ကျမတို့မောင်နှမ သုံးယောက် အောက်ထပ်ကို ဆင်းလာကြပါတယ်။ မောင်လေးကတော့ အသက်အားဖြင့် ၂နှစ်သာရှိသေးတဲ့အတွက် ကျမတို့နဲ့ အတူတကွ လိုက်ကစားခြင်းမရှိပဲ သူ့အရုပ်ကလေးတွေနဲ့ သူ အပေါ်ထပ်မှာ သူ့အထိန်းတော် မူတူးလူနဲ့ ပျော်ပျော်ရွှင်ရွှင် ကစားနေခဲ့ပါတယ်။ မောင်နှမသုံးယောက် ၊ ဦးလေးထွန်းအောင်ရဲ့ သားဖြစ်သူ အောင်မြင့် ၊ ပေါက်ပေါက်တို့ ညီအစ်ကို စုစုပေါင်း ၆ယောက်သား ကစားရန်အတွက် လူစု ခွဲကြပါတယ်။ “တီးတိုး ဒါ ဘယ်သူလဲကွ” ဟု ပေါက်ပေါက်က ညီမလေးကို ကြည့်ပြီး အစ်ကို့ကို မေးတဲ့အခါ အစ်ကိုဖြစ်သူက “ငါ့ ညီမလေး ‘တူးမာ’ တဲ့ လုလုရဲ့ အငယ်ပေါ့ မှတ်ထား” လို့ ၊ပြန်မိတ်ဆက် ပေးလိုက်ပါတယ်။ ကျမတို့ ကစားတဲ့အဖွဲ့ထဲမှာ ကျမညီမလေးကတော့ သူများတွေ ကစားတာကို နားမလည်ပေမယ့် အတတ်နိုင်ဆုံး ကြိုးစားပြီး လိုက်ကစားပါတယ်။

ကျမကငယ်ငယ်လေးထဲကဒီအစ်ကိုတွေကြားမှာ နေ့စဉ်ကစားခဲ့ရတာမို့ ယောက်ျားလေးကစားနည်းများဖြစ်တဲ့ ပေသီးကျင်းစိမ် ၊ သစ်ပင်တက် ၊ သူခိုးပုလိပ် ၊ သားရည်ကွင်းပစ် ၊ ကျည်းသားရိုက် ၊ စစ်တိုက်တမ်းကစားခြင်း အစရှိတာတွေကို ကစားလေ့ရှိပါတယ်။ ဘေးခြံက မမစန်းတို့အဖွဲ့တွေကတော့ ညောင်ပင်တစ္ဆေ ၊ ထုတ်စည်းတိုး ၊ ပုံးခေါက် ၊ တူတူပုန်း ၊ ကုလားမစည်း ၊ ဂုံညင်းထိုး အစရှိတာတွေကို ကစားလေ့ရှိပြီး ကစားတိုင်း ကျမကိုခေါ်ပါတယ် ဒါပေမယ့် ကျမက ကျမအစ်ကိုတွေ ကစားတဲ့နည်းတွေကို ပိုသဘောကျတဲ့အတွက် မမစန်းတို့ အဖွဲ့နဲ့ တစ်ကြိမ်တစ်ခါမျှ သွားမကစားခဲ့ပါဘူး။ သူခိုးပုလိပ် နဲ့ စစ်တိုက်တန်းကစားတိုင်းလည်း ကျမတို့အိမ်ရဲ့ အရှေ့ဖက်မှာ ၊တောင်ကုန်းမြင့် ရှိပြီး သစ်ပင်တွေထူထပ်ပေါက်နေတဲ့အတွက် အဲဒီတောင်ကုန်းပေါ် သွားရောက်ကစားလေ့ရှိပါတယ်။ သစ်ပင်တက်တန်း ကစားရင်တော့ ကျမတို့အိမ်ဝန်းထဲမှာ မန်ကျည်းပင်ကြီးတွေ အများကြီးရှိတဲ့အတွက် ခြံဝန်းထဲမှာပဲ ကစားလေ့ရှိပါတယ်။ ကျန်တဲ့ကစားနည်းတွေကိုတော့ ခြံဝန်းအတွင်း အိမ်ရှေ့က ကွက်လပ်ကြီးမှာ ကစားကြပါတယ်။ ကျမတို့ကစားနည်းတွေက နည်းနည်းကြမ်းတာက တစ်ကြောင်း ဗမာစကားကို မတတ်တာကြောင့် တစ်ကြောင်းကြောင့် ကစားဝိုင်းကနေ ညီမလေး ထွက်သွားပြီး မောင်လေးနားမှာ သွားထိုင်နေပါတော့တယ်။ မကြာပါဘူး ကျမဖွားဖွားက "ပူလူး လာတော့ နောက်တစ်ရက်မှ ဆက်ကစားတော့ ၊ပြန်ဖျားနေမှဖြင့်" ဆိုလို့ ကျမလည်း အိမ်အပေါ်ထပ်ကို အသာလေး တက်သွားပါတော့တယ်။


                         အန်တီမြ (တူးမာ) နှင့် အန်တီတင့် (လုလု) အမှတ်တရ ချောင်းသာမှာ

(ဆက်လက်ကြိုးစားပါအုံးမည်)

မေတ္တာဖြင့်
အန်တီတင့်

Print this post

Comments

aquarius.san said...

Nice post.... love to read the following parts =)

Post a Comment

Related Posts Plugin for WordPress, Blogger...