Loading...
Gadget by w2pro

ပန်းသေးခေါက်ဆွဲ ချက်နည်း



ဇူလိုင်လ ၄-ရက်နေ့မှာ jasmine (တောင်ကြီး) သူလေးက ကျမကို ‘တီတင့်ရေ ဆန်ခေါက်ဆွဲလုပ်နည်း တင် ပေးပါ ပန်းသေးခေါက်ဆွဲလဲရပါတယ် ‘ရောဂါသည် (ကျန်းမာရေးမကောင်းသူ)တွေကို ချက်ပေးချင်လို့ပါ’ ဆိုတဲ့ တောင်းဆိုမှုလေးတစ်ခုကို C-box မှာ အားကိုးတကြီး ရေးခဲ့တာကြောင့် ဇူလိုင်လ ၇-ရက်နေ့မှာ ပန်း သေးခေါက်ဆွဲ ချက်တတ်တဲ့ သူငယ်ချင်းတစ်ယောက်အိမ်ကို အလည်သွားပြီး ချက်နည်းလေးမေးခဲ့ ပါတယ်။ ကျမ မသိရှိသေးတဲ့ ချက်ပြုတ်နည်းလေးလည်း ချက်တတ်လာမည့်အပြင် တောင်ကြီးသူလေးနဲ့အတူ ကုသိုလ် တွေ မျှဝေပြီးယူဖို့အတွက် ပန်းသေးခေါက်ဆွဲကို ဒီကနေ့ပဲ စမ်းသပ်ချက်ခဲ့ပါတယ်။ အားလုံးပြီးသွား တဲ့အခါမှာ တော့ အရသာလေးက ထင်တာထက် ပိုပြီး ကောင်းနေတာကြောင့် ‘ပန်းသေးခေါက်ဆွဲ’ ချက်နည်း လေးကို ပို့စ်တစ်ခုအဖြစ် စာဖတ်သူမိတ်ဆွေများအတွက် မျှဝေတင်ပေးလိုက်ပါတယ်။ စမ်းချက်ကြည့်ကြနော်။


ကြက်သားကို မိမိနှစ်သက်တဲ့ အရွယ်အစား အတုံးများပြုလုပ်ပြီး ရေစင်အောင်ဆေးပါ။ ဆား ကြက်မှုန့် ငံပြာ ရည် ကြက်သွန်ဖြူ ဂျင်းတို့နဲ့နယ်ပြီး နှပ်ထားပါ။ (ဆနွင်းမသုံးပါ)


အားလူးကို မိမိနှစ်သက်တဲ့ အရွယ်အစား အတုံးများပြုလုပ်ပြီး ရေဆေးပြီး ဆားနှင့်နယ်ထားပါ။(ဆနွင်းမသုံးပါ)



 ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်းတို့ကို ထောင်း၍ဖြစ်စေ ကြိတ်၍ဖြစ်စေ ပြုလုပ်ပါ။ အစေ့ထုတ်ထားသည့် ခရမ်း ချဉ်သီးကို ပါးပါးလှီးပါ။ ထို့နောက် အားလုံးကို ရောမွှေပြီး ငရုပ်မှုန့် ဆား တို့ကိုလိုအပ်သလောက် ထည့် ကာ နှပ် ထားသော ကြက်သားအိုးထဲသို့ ထည့်ပြီး ဆီထည့်ကာ မီးဖိုတွင်တည်ထားလိုက်ပါ။ (ဆနွင်းမသုံးပါ)


                    ဆားနှင့်နယ်ထားသော အာလူးကို မီးနည်းနည်းနှင့် အတွင်းသားနူးအောင် ကြော်ထားပါ။




ရှောက်ခေါ-ပတ်ခေါ၊ ဆတ်ခေါ၊ ကရဝေး၊ နာနတ်ပွင့်၊ သစ်ဂျပိုးခေါက် တို့ကို မီးနည်းနည်းနှင့် ဒယ်အိုးတွင် ထည့်လှော်ပြီး မွှေး လာသောအခါမှ ဇီယာကို ထည့်၍ထပ်မွှေပါ။ ရှောက်ခေါ-ပတ်ခေါ ကိုဒယ်အိုးတွင်းမှ ယူ ကာ အခွံကိုထု၍ အတွင်းမှအစေ့ကို ထုတ်ယူကာ ဒယ်အိုးအတွင်းသို့ ပြန်ထည့်ပြီးမွှေပါ။ ရှောက်ခေါ-ပတ်ခေါ အခွံများကို ဆက် အသုံးပြုရန် မလိုတဲ့အတွက် လွှတ်ပစ်လို့ရပါပြီ။ အမွှေးအကြိုင်များကို အများကြီးသုံးရန် မလိုပါ အနည်းငယ် သာအသုံးပြုခြင်းဖြင့် လိုအပ်သောအမွှေးနံ့ကို ရပါတယ်။ မွှေးလာလျှင် ဒယ်အိုးအတွင်းမှ အမွှေးအကြိုင်များကို ပန်းကန်သေးတစ်ခုတွင် ခပ်ထည့်ထားလိုက်ပါ။


 ကြက်သားဆီပြန်အိုးတွင် ကြက်သားနူးသည့်အခါ ကြော်ထားသော အားလူးကိုထည့်ပြီး အမွှေးအကြိုင်များ ကိုပါ ထည့်ပါ။ ရောမွှေပြီး ရေထည့်ကာ တစ်ရေကျ ပြန်တည်ခြင်းဖြင့် ဆီကျန် ရေကျန် ဖြစ်သည့်အချိန်တွင် အရသာကောင်းမွန်သော ကြက်သား အာလူးဟင်းကို ရပါပြီ။


 ခေါက်ဆွဲကို ဂျုံခေါက်ဆွဲသုံးပါတယ်။ အုန်းနို့ခေါက်ဆွဲတွင်သုံးသည့် ခေါက်ဆွဲမျိုးကို ကျမအသုံးပြုပါတယ်။



ပန်းသေးခေါက်ဆွဲနှင့် တွဲဖက်စားသုံးရသည့် အချဉ်မှာ ကြက်သွန် ဂေါ်ဖီ သခွားသီး ငရုပ်သီးပွ ငရုပ်သီးအစပ် ခရမ်းချဉ်သီး(အစေ့ထုတ်ပြီး) တို့ကို ပါးပါးလှီးပြီး ပန်းသေးခေါက်ဆွဲအပေါ်မှ ထည့်ကာ ပူစီနံ သံပုရာသီး ဆား လိုအပ်သလိုပေါင်းစပ် စားသုံးနိုင်ပါတယ်။



 ကြက်အရိုးများကို ကြက်သွန်ဖြူ ဂျင်း ဆား ကြက်မှုန့်တို့နှင့် ပြုတ်ထားပြီး ကျက်သွားတဲ့ ကြက်ရိုးဟင်းချို တွင် ငရုတ်ကောင်းမှုန့်ထည့်ကာ ပန်းသေးခေါက်ဆွဲနှင့် တွဲဖက်စားသုံးနိုင်ပါတယ်။


ဆွမ်းတော်ကပ်ဖို့အတွက် ပြင်ပြီးပြီဆိုတော့ မိတ်ဆွေများလည်း စားသုံးရန် အဆင်သင့်ဖြစ်ပါပြီ။ ကြည့်ရတာ အလုပ်များတယ်လို့ ထင်ပေမယ့် အမှန်တကယ်တော့ နေ့စဉ် ပုံမှန် ဟင်းချက်သလောက်တောင် အချိန်က မကြာလိုက်ပါဘူး။

ဒီလောက်ဆိုရင် 'တောင်ကြီးသူလေး' နဲ့ စာဖတ်သူ မိတ်ဆွေများ ချက်တတ်ပြီပေါ့ကွယ်။

ဟင်းခတ်အမွှေးအကြိုင်ကို အသေးစိတ် သိလိုသူများအတွက်ပါနော်။ အသံထွက်နဲ့ အခေါ်အဝေါ်လေးတွေက တစ်နေရာနဲ့ တစ်နေရာ နည်းနည်းတော့ ကွာကြတယ်။ ကျမနဲ့ ကျမအဒေါ်တောင် ခေါ်တာသိတ်မတူဘူးလေ

                                                                ရှောက်ခေါ ပတ်ခေါ

                                                                         ဆတ်ခေါ

                                                                        နာနတ်ပွင့်

                                                                            ကရဝေး

                                                                  သစ်ဂျပိုးခေါက်
                                                                             ဇီယာ


မေတ္တာဖြင့်
အန်တီတင့်

Print this post

Comments

Snow said...

သေသေချာချာကို အဆင့်ဆင့် အသေးစိတ် တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အန်တီ။ ပိတ်ရက်မှာ စမ်းချက်ကြည့်ပါဦးမယ်။ :)

Post a Comment

Related Posts Plugin for WordPress, Blogger...